အသက် ၆ နှစ်အရွယ် ကလေးငယ်ကို ရေတွင်းထဲတွန်းချသတ်ခဲ့သူ အမျိုးသမီးအား ဖမ်းမိ

(မှုခင်း) သြဂုတ် ၈

ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ နောင်ရဲကျေးရွာနေ အသက် ၆ နှစ်အရွယ် ကလေးငယ် တစ်ဦးကို ရေတွင်းထဲ ထွန်းချပြီး သတ်ခဲ့သူ အမျိုးသမီးကို သြဂုတ်လ ၈ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၆ ရက်၊ ညနေ ၅ နာရီခန့်က အောင်ပန်းမြို့၊ နောင်ရဲကျေးရွာနေ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် ၎င်းအိမ်နှင့်တစ်အိမ်ကျော်မှ သူငယ်ချင်းဖြစ်သူထံ စာသွားကျက်မည်ဟု ပြောဆိုကာ ထွက်သွားခဲ့ပြီး ညနေ ၆ နာရီအချိန်အထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် မိဘနှစ်ပါးက လိုက်လံရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ လိုက်လံရှာဖွေရာတွင် မိန်းကလေးငယ်မှာ သူငယ်ချင်းဖြစ်သူ၏ နေအိမ်မှ ညနေ ၅ နာရီအချိန်ခန့်ကတည်းက ပြန်သွားကြောင်း သိရသဖြင့် လိုက်လံရှာဖွေခဲ့ရာ ကျေးရွာ၏အနောက်ဘက် ရှိ ဆုတောင်းပြည့် ၅ ဆူတောင်ဘုရား ရေစုကန်အတွင်း သေဆုံးလျက် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် အောင်ပန်း နယ်မြေ ရဲစခန်းတွင် သေမှုသေခင်း ဖွင့်လှစ်စစ်ဆေး ဆောင်ရွက်ခဲ့ရာကလေးငယ်၏ ရုပ်အလောင်း၌ နားကပ် မရှိတော့ခြင်းအား ကွင်းဆက်လိုက်ကာ အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ရာမှ လူသတ်မှု အဖြစ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကလေးငယ်အား သတ်ခဲ့သူ အမျိုးသမီးမှာ နောင်ရဲရွာမကျေးရွာနေ အသက် ၁၉ နှစ်အရွယ် မမိုးမိုးထွေး (ခ) မိုးစက် ဆိုသူ ဖြစ်ပြီး ၎င်းအား အောင်ပန်းနယ်မြေရဲစခန်း၌ ပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုဖွင့် ဖမ်းဆီးကာ အရေးယူထားကြောင်း သိရသည်။