(ပြည်တွင်း) ဩဂုတ် ၃
တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီးသည် လေ့ကျင့်ပျံသန်းရေးတာဝန် ဆောင်ရွက်နေစဉ် ငှက်နှင့်တိုက်မိသည့် Bird Strike ဖြစ်ပွားခဲ့ပြီး အင်ဂျင်မီးလောင်မှုကြောင့် မှော်ဘီမြို့အနီးတွင် ပျက်ကျခဲ့ကြောင်း သတင်းမှန်ပြန်ကြားရေးကော်မတီက ဩဂုတ် ၃ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ယနေ့နံနက် ၅ နာရီ ၁၆ မိနစ်ခန့်တွင် တိုက်ခိုက်ရေးလေယာဉ်တစ်စီးသည် လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်နေစဉ် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့၏ အရှေ့တောင်ဘက် မီတာ ၈,၅၀၀ ခန့်အကွာ ညောင်နှစ်ပင်ကျေးရွာအနီးသို့ ရောက်ရှိချိန်၌ ငှက်တစ်ကောင်နှင့် တိုက်မိကာ Bird Strike ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Bird Strike ဖြစ်ပွားပြီးနောက် ငှက်သည် လေယာဉ်၏ အင်ဂျင်ခန်းအတွင်း ဝင်ရောက်ခဲ့သဖြင့် အင်ဂျင်မီးလောင်မှု ဖြစ်ပွားခဲ့ရာ လေယာဉ်မှူးက လေယာဉ်ကို လူနေအိမ်များနှင့် ဝေးကွာသည့်နေရာဘက်သို့ ဦးတည်ထိန်းချုပ်ပြီးနောက် Eject ပြုလုပ်၍ လေယာဉ်မှ အောင်မြင်စွာ ခုန်ထွက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လေယာဉ်ပျက်ကျရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ယင်းဖြစ်စဉ်အတွင်း လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် လေယာဉ်အမှုထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းမှန်ပြန်ကြားရေးကော်မတီက ထုတ်ပြန်ထားသည်။
PAN