(နိုင်ငံတကာ) ဇူလိုင် ၃၀
အီရန်နိုင်ငံသည် အမေရိကန်နှင့် တင်းမာမှုများ ဆက်လက်ရှိနေသည့်အခြေအနေတွင် လေေကြာင်းကာကွယ်ရေးစနစ်များ ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းနေပြီး လာမည့်အပတ်အနည်းငယ်အတွင်း တရုတ်နိုင်ငံထုတ် လက်ကိုင်ပစ် လေကာကွယ်ရေးဒုံးကျည် launcher များကို ပထမအသုတ်အဖြစ် လက်ခံရရှိမည်ဟု သဘောတူညီချက်နှင့် နီးစပ်သော သတင်းရင်းမြစ် သုံးခုက ပြောကြားထားသည်။
ဒေါ်လာ ၆၀ မှ ၇၀ သန်းတန်ဖိုးရှိသည့် ယင်းဝယ်ယူမှုသည် အီရန်၏ အတိုအကွာ လေေကြာင်းကာကွယ်ရေးစနစ်များကို အားကောင်းစေရန် ရည်ရွယ်ပြီး အကြီးဆုံး လုပ်ဆောင်ချက်များထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။ အမေရိကန်နှင့် အစ္စရေးတို့နှင့် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအတွင်း အီရန်၏ စစ်ရေးအခြေခံအဆောက်အအုံများကို ကာကွယ်နိုင်စွမ်းတွင် ချို့ယွင်းချက်များ ရှိနေကြောင်းလည်း ထင်ရှားစေခဲ့သည်။

သဘောတူညီချက်အရ တရုတ်ထုတ် QW-12 နှင့် FN-16 အမျိုးအစားများ အပါအဝင် လူတစ်ဦးတည်းသယ်ဆောင်နိုင်သော လေကာကွယ်ရေးစနစ်များ (MANPADS) ၃၀၀ မှ ၄၀၀ အထိ ဝယ်ယူသွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
ယင်းဝယ်ယူမှုကို ဟောင်ကောင်အခြေစိုက် Zhongqing Baoshang International Investment ကုမ္ပဏီမှ ကြားခံအဖြစ် ဆောင်ရွက်ကာ တရုတ်ထုတ်လုပ်သူနှင့် အီရန်ဘက်ကြား ချိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။ သို့ရာတွင် သဘောတူညီချက်၏ အရေးကြီးမှုကြောင့် သတင်းရင်းမြစ်များသည် မိမိတို့အမည်ကို မဖော်ပြလိုကြောင်း ပြောကြားခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယင်းသတင်းအပေါ် ချက်ချင်း မှတ်ချက်မပေးနိုင်သေးသော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ “အခြေအမြစ်မရှိသော သတင်းများ” ဟု ပြန်လည်တုံ့ပြန်ထားသည်။
လများကြာရှည်သည့် တိုက်ခိုက်မှုများအတွင်း အမေရိကန်နှင့် အစ္စရေးတို့က အီရန်၏ ဒုံးကျည်၊ ဒရုန်းနှင့် လေကာကွယ်ရေးစနစ်များနှင့် ဆက်စပ်သည့် အဆောက်အအုံများကို တိုက်ခိုက်ခဲ့ပြီး အီရန်ဘက်မှလည်း ဒုံးကျည်နှင့် ဒရုန်းများဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သည်။ ယင်းပဋိပက္ခများသည် အဆင့်မြင့် လေယာဉ်များနှင့် တိကျညှိနှိုင်းထားသော လက်နက်များကို ကာကွယ်ရန် ခက်ခဲကြောင်း ပြသခဲ့သည်။
အမေရိကန်ဘက်မှ တိုက်ခိုက်မှုများကို ယာယီရပ်ဆိုင်းထားသော်လည်း သမ္မတ ဒေါ်နယ်ထရမ့်က ညှိနှိုင်းမှု မအောင်မြင်ပါက ပြန်လည်တိုက်ခိုက်နိုင်ကြောင်း သတိပေးထားသည်။
စစ်ရေးကျွမ်းကျင်သူများအဆိုအရ MANPADS များသည် အလွယ်တကူ သယ်ယူနိုင်ပြီး အဖွဲ့ငယ်များဖြင့် လည်ပတ်နိုင်သည့်အပြင် နေရာပြောင်းလဲ အသုံးပြုနိုင်ခြင်းကြောင့် တည်နေရာတိကျသော ကာကွယ်ရေးစနစ်များထက် ပိုမို လုံခြုံမှုရှိကြောင်း သိရသည်။ QW-12 နှင့် FN-16 များသည် အနိမ့်ပျံသန်းသော လေယာဉ်များ၊ ဟယ်လီကော်ပတာများနှင့် ဒရုန်းများကို ပစ်ခတ်နိုင်သည့် infrared လမ်းညွှန်စနစ်ပါဝင်သော ဒုံးကျည်များ ဖြစ်သည်။
သို့သော် QW-12 သည် နောက်ဆုံးပေါ် မော်ဒယ်များနှင့် နှိုင်းယှဉ်ပါက စွမ်းဆောင်ရည်နည်းသော်လည်း အတိုအကွာ လေကာကွယ်ရေးအတွက် ထိရောက်စွာ အသုံးပြုနိုင်ကြောင်း သုံးသပ်သူများက ပြောကြားသည်။
ပို့ဆောင်ရေးလမ်းကြောင်းအနေဖြင့် တရုတ်နိုင်ငံ ဥရုမ်ချီမြို့မှ လေကြောင်းဖြင့် ပို့ဆောင်ပြီးနောက် ပါကစ္စတန်မှတစ်ဆင့် အီရန်သို့ ရောက်ရှိမည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ပါကစ္စတန်စစ်တပ်၏ ISPR က ယင်းသတင်းကို လုံးဝ မမှန်ကန်ကြောင်း ငြင်းဆိုထားသည်။
ယခုဝယ်ယူမှုသည် အရေးယူပိတ်ဆို့မှုများ ရှိနေသော်လည်း အီရန်နိုင်ငံအနေဖြင့် ပြည်တွင်းထုတ်လုပ်မှုနှင့် ပြည်ပဝယ်ယူမှုများကို ပေါင်းစပ်အသုံးပြုကာ စစ်ရေးစွမ်းအား တိုးမြှင့်နေဆဲဖြစ်ကြောင်း ပြသနေသည်။