တောင်ကြီးတွင် ဆိုင်ကယ်သူခိုး ဖမ်းမိပြီးနောက် ယခင်ခိုးယူထားသည့် ဆိုင်ကယ်တစ်စီး ထပ်မံဖော်ထုတ်ရမိ

(မှုခင်း)ဇူလိုင် ၂၈

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ဆိုင်ကယ်ခိုးယူရန် ကြိုးပမ်းနေသူ အမျိုးသားတစ်ဦးကို ဒေသခံပြည်သူများက ဖမ်းဆီးအပ်နှံခဲ့ပြီး စစ်ဆေးမေးမြန်းမှုများအတွင်း ယခင်က ကျူးလွန်ထားသည့် ဆိုင်ကယ်ခိုးမှုတစ်မှု ထပ်မံပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၇ ရက် နေ့လယ်ပိုင်းက တောင်ကြီးမြို့ ရတနာသီရိရပ်ကွက် အထက (၉) စာသင်ကျောင်းအနီးတွင် ဆိုင်ကယ်ခိုးယူရန် ကြိုးပမ်းနေသူ စိုးဝင်းထွန်း (ခ) သားကြီးအား ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးကာ ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူအား စစ်ဆေးရာ ၎င်းဝတ်ဆင်ထားသည့် အင်္ကျီအိတ်အတွင်းမှ ဆိုင်ကယ်သော့ဖျက်ရန် အသုံးပြုသည့် မာစတာကီး သုံးချောင်းနှင့် 8-10-12 သုံးမြှောင့် T တစ်ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ဆက်လက်စစ်ဆေးမေးမြန်းချက်အရ ဇူလိုင်လအတွင်း တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက်၊ နယ်မြေ (၈) စကားဝါလမ်းပေါ်တွင် ဇက်သော့ခတ်ရပ်ထားသည့် Kamax-110 အမျိုးအစား နက်ပြာရောင် ဆိုင်ကယ်တစ်စီးကို မာစတာကီးအသုံးပြု၍ ခိုးယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

ယင်းထွက်ဆိုချက်အရ သံသယရှိသူ၏ နေအိမ်အား သွားရောက်ရှာဖွေရာ ခိုးယူထားသည့် ဆိုင်ကယ်ကို တွေ့ရှိသဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စိုးဝင်းထွန်း (ခ) သားကြီးအား တောင်ကြီးနယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူထားပြီး သိမ်းဆည်းရမိသည့် ဆိုင်ကယ်အား မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်နိုင်ရေးအတွက် ဆက်လက်စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram -t.me/positiveanglenews

#PAN