စာမေးပွဲစနစ် ပြုပြင်ရေး Task Force ဖွဲ့မည်ဟု မိုဒီ ကြေညာ

(နိုင်ငံတကာ) ဇူလိုင် ၂၇

အိန္ဒိယနိုင်ငံတွင် စာမေးပွဲ မေးခွန်းစာရွက် ပေါက်ကြားမှုများကြောင့် လူငယ်များ၏ ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက စာမေးပွဲစနစ် ပြန်လည်ပြုပြင်ရန် နည်းပညာလုပ်ငန်းရှင် နန်ဒန် နီလေကာနီ ဦးဆောင်သည့် တာဝန်ယူအဖွဲ့ (task force) တစ်ခု ဖွဲ့စည်းမည်ဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။

“ကျွန်ုပ်တို့၏ စာမေးပွဲစနစ်သည် ယုံကြည်စိတ်ချရမှုရှိရမည်၊ ပွင့်လင်းမြင်သာရမည်ဖြစ်ပြီး နည်းပညာကို အများဆုံး အသုံးချနိုင်ရမည်” ဟု မိုဒီက လူမှုကွန်ယက် Instagram တွင် ပြောကြားခဲ့သည်။

ထို့အပြင် မေးခွန်းစာရွက် ပေါက်ကြားမှုများကို တိုက်ဖျက်ရန် ဥပဒေသစ်တစ်ရပ်ကို တနင်္လာနေ့တွင် လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပြီး ယင်းဥပဒေသည် ပြစ်မှုကျူးလွန်သူများအပေါ် ပြစ်ဒဏ်များကို ပိုမိုတင်းကျပ်စေရန် ရည်ရွယ်ထားကြောင်း သိရသည်။

ယင်းကြေညာချက်သည် မေလအတွင်း ဖြစ်ပွားခဲ့သည့် စာမေးပွဲ မေးခွန်းစာရွက် ပေါက်ကြားမှုများနှင့် ပတ်သက်၍ လူငယ်များက တာဝန်ယူမှု တောင်းဆိုကာ ရက်သတ္တပတ်များစွာ ဆန္ဒပြခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုဆန္ဒပြမှုများအတွင်း ပညာရေးဝန်ကြီး ဒာမန်ဒရာ ပရာဒန်သည် စနေနေ့တွင် ရာထူးမှ နုတ်ထွက်ခဲ့ပြီး ယခုထုတ်ပြန်ချက်သည် ၎င်းနုတ်ထွက်မှုနောက်ပိုင်း မိုဒီ၏ ပထမဆုံး ပြည်သူ့ထုတ်ပြန်ချက်လည်း ဖြစ်သည်။

မိုဒီ၏ ၃၀ စက္ကန့်ကြာ ဗီဒီယိုထုတ်ပြန်ချက်တွင် ပရာဒန်၏ အမည်ကို မဖော်ပြထားသော်လည်း စာမေးပွဲစနစ် ပြုပြင်ရေးအပေါ် အလေးပေးပြောကြားခဲ့သည်။

လူငယ်များ ဦးဆောင်သည့် Cockroach Janta Party (CJP) လှုပ်ရှားမှုက ဆန္ဒပြမှုများကို ဦးဆောင်ခဲ့ပြီး ၎င်းတို့၏ တောင်းဆိုချက်များကို အစိုးရဘက်မှ လက်ခံလိုက်သဖြင့် စနေနေ့တွင် ဆန္ဒပြမှုများကို ရပ်နားခဲ့ကြသည်။

အစိုးရသည် ဆန္ဒပြသူများ၏ တောင်းဆိုချက်များအရ စာမေးပွဲစနစ် ပြုပြင်ပြောင်းလဲရန် သဘောတူခဲ့ပြီး ဆန္ဒပြသူများအပေါ် တရားစွဲဆိုထားမှုများကို ပယ်ဖျက်ကာ မေးခွန်းစာရွက် ပေါက်ကြားမှုနှင့် ဆက်စပ်၍ သေဆုံးခဲ့သည့် ကျောင်းသားများ၏ မိသားစုများအား လျော်ကြေးပေးရန်လည်း သဘောတူခဲ့သည်။

တာဝန်ယူအဖွဲ့ကို ဦးဆောင်မည့် နန်ဒန် နီလေကာနီသည် အိန္ဒိယ၏ ဒစ်ဂျစ်တယ်အမှတ်အသားစနစ် Aadhaar ကို ဖန်တီးရာတွင် ဦးဆောင်ခဲ့သူဖြစ်ပြီး ဆော့ဖ်ဝဲကုမ္ပဏီ Infosys ၏ တည်ထောင်သူများအနက် တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN