ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်၊ နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ဆွေးနွေး

(ပြည်တွင်း) ဇူလိုင် ၁၅                            

  နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန် ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်မှ ၁၄ ရက်အထိ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့သည်။

     ခရီးစဉ်အတွင်း ဇူလိုင်လ ၁၄ ရက်၊ မွန်းလွဲပိုင်းတွင် ပြည် ထောင်စုဝန်ကြီးသည် ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်နှင့် တွေ့ဆုံခဲ့သည်။       

         တွေ့ဆုံစဉ် နှစ်နိုင်ငံတို့သည် ရာစုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သော ချစ်ကြည်ရင်းနှီးမှုကို အခြေခံသည့် အိမ်နီးချင်းကောင်းနိုင်ငံများ ဖြစ်သည်နှင့်အညီ၊ နှစ်နိုင်ငံနှင့် ပြည်သူများ၏ အကျိုး စီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန်နှင့် အထူးသဖြင့် နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။

       ယင်းနေ့တွင်ပင် ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ ဒုတိ ယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့ တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။               

  ၎င်းတို့သည် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေး၊ နယ်စပ်ကုန်သွယ် ရေး မြှင့်တင်ရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့များ လျှော့ချရေးကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်။              

     ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ မယ်တော် မိဖုရားကြီး Her Majesty Queen Sirikit နှင့် ထိုင်းတော်ဝင်မင်းသမီး Princess Bajrakitiyabha တို့ ကံတော်ကုန်လွန်ခဲ့ခြင်းအတွက် ဗန်ကောက်မြို့ရှိ ဘုရင့်နန်းတော်တွင် ဖွင့်လှစ်ထားသည့် ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး၍ ထိုင်းနိုင်ငံ တော်နှင့် ထိုင်းပြည်သူများ၏ ဝမ်းနည်းပူဆွေးမှုတွင် ပါဝင်မျှဝေခဲ့သည်။                        

Telegram»… https://t.me/positiveanglenews

#PAN