
(နိုင်ငံတကာ) ဇူလိုင် ၁၄
ဒီအာရ်ကွန်ဂို (DRC) နိုင်ငံတွင် ဖြစ်ပွားနေသော အီဘိုလာရော ဂါကူးစက်မှု အခြေအနေမှာ လက်ရှိထုတ်ပြန်ထားသည့် တရား ဝင်စာရင်းထက် အနည်းဆုံးနှစ်ဆမှ လေးဆအထိ ပိုမိုများပြားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က သတိပေးလိုက်သည်။
WHO ၏ နောက်ဆုံးထုတ်ပြန်ချက်အရ အီဘိုလာအတည် ပြုလူနာ ၁,၉၆၃ ဦးနှင့် သေဆုံးသူ ၇၁၉ ဦးရှိကြောင်း သိရသည်။ သို့သော် WHO ၏ ကျန်းမာရေးအရေးပေါ် အစီ အစဉ်ဆိုင်ရာ အမှုဆောင်ညွှန်ကြားရေးမှူး ချီကွယ် အီဟက်ဝီဇူး၏ ပြောကြားချက်အရ သေဆုံးသူအများစုမှာ ဆေးရုံဆေးခန်းများထက် မိသားစုနေအိမ်များအတွင်း၌သာ သေ ဆုံးနေကြသည့်အတွက် တရားဝင်စာရင်းမှာ အမှန်တကယ်ဖြစ်ပွားမှုထက် နည်းပါးနေခြင်းဖြစ်ကြောင်း ဆိုသည်။
အဆိုပါရောဂါသည် အာဖရိကတိုက်တွင် မှတ်တမ်းတင်ထားသမျှ အီဘိုလာရောဂါ ဖြစ်ပွားမှုနှုန်း အမြန်ဆုံးဖြစ်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။
ရောဂါထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် ရှေ့တန်းမှပါဝင်နေသည့် ကျန်းမာရေးဝန်ထမ်းများမှာ လစာငွေများ နှစ်လကြာ ရပ်ဆိုင်းခံထားရခြင်းကြောင့် အလွန်ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်နေရသည်။ အီဘိုလာရောဂါ ဗဟိုချက်ဖြစ်သော အီတူရီပြည်နယ်ရှိ ရွာမ်ပါရာကုသရေးစင်တာမှ ဝန်ထမ်းများသည် လစာရရှိရေးအတွက် တာယာများမီးရှို့ဆန္ဒပြခြင်းနှင့် လမ်းကြောင်းများ ပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့အနေဖြင့် “၄၈ နာရီအတွင်း လစာနှင့် ဆုကြေးငွေများ ပေးချေရန်” နောက်ဆုံးသတ်မှတ်ချက်ပေးထားပြီး၊ ပျက်ကွက်ပါက အလုပ်ရပ်ဆိုင်းသည့် သပိတ်ကြီးကို ဆင်နွှဲမည်ဟု ခြိမ်းခြောက်ထားသည်။
ကျန်းမာရေးဝန်ကြီး ဆမ်မြူရယ် ရော်ဂျာ ကမ်ဘာကမူ လစာပေးချေမှု နောက်ကျရခြင်းမှာ စာရင်းဇယားဆိုင်ရာ အဖွဲ့အစည်းပြဿနာများကြောင့်ဖြစ်ကြောင်း၊ လစာစာရင်းတွင် မသက်ဆိုင်သူများ ပါဝင်နေခြင်းကို စိစစ်နေကြောင်း ရှင်းပြခဲ့သည်။
လက်ရှိဖြစ်ပွားနေသော ရောဂါမှာ “ဘန်ဒီဘူဂူယို” (Bundibugyo) မျိုးကွဲဖြစ်ပြီး ယင်းအတွက် တရားဝင် ကာ ကွယ်ဆေး သို့မဟုတ် ကုသဆေး မရှိသေးပေ။ နိုင်ငံတကာ အသိုင်းအဝိုင်းမှ ဒေါ်လာ ၁.၅ ဘီလီယံအထိ ထောက်ပံ့ကူညီပေးထားသော်လည်း ရောဂါကူးစက်မှုမှာ အရှေ့ကွန်ဂိုပြည်နယ် ငါးခုအထိ ပျံ့နှံ့သွားပြီး DRC နှင့် နယ်စပ်ချင်းထိစပ်နေသည့် ယူဂန်ဒါနိုင်ငံသို့ပါ ကူးစက်ရောက်ရှိနေပြီဖြစ်သည်။
အီဘိုလာရောဂါ၏ သဘောသဘာဝအရ လူနာများကို အနီး ကပ်ပြုစုရခြင်းက ကျန်းမာရေးဝန်ထမ်းများကို အလွန်အန္တရာယ်များစေသည်။ အတည်ပြုချက်များအရ တနင်္ဂနွေ နေ့အထိ ကျန်း မာရေးဝန်ထမ်း ၁၁၂ ဦး ကူးစက်ခံခဲ့ရပြီး ၃၅ ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။ ဤအခြေအနေသည် ရောဂါကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် ကျန်းမာရေးဝန်ထမ်းများ၏ စိတ်ဓာတ်ကို အလွန်ထိ ခိုက်စေလျက်ရှိသည်။
Telegram»… https://t.me/positiveanglenews
#PAN