စန္ဒကူးမြိုင်ရိပ်သာကျောင်းတိုက်ဆရာတော်အား သတ်ဖြတ်ခဲ့သည့် တရားခံ ၅ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

(မှုခင်း) ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်(၂)ရပ်ကွက်ရှိ စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်အတွင်း၌ သီတင်းသုံးလျက်ရှိသည့် စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်ဆရာတော် ဥူးပညာဝံသ(ခ) ဒေါက်တာဖေဉာဏ်(၇၅)နှစ်(၁၅)ဝါသည် ဇူလိုင်လ ၂ ရက်နေ့ နေ့လယ်ပိုင်းတွင် အဆိုပါကျောင်းတိုက်ရှိကျောင်းဆောင်အတွင်း၌ ဓားဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားရပြီး ဆရာတော်၏လက်ကိုင်ဖုန်း ၂ လုံး ပျောက်ဆုံးလျက်ရှိကြောင်းသိရှိရသဖြင့် မှော်ဘီမြို့မရဲစခန်းတွင် (ပ)၃၂၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၉၄ ဖြင့် အမှုရေးဖွင့်ပြီး ပြစ်မှုကျူးလွန်သူ တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်းပါဝင်သော အထူးအမှုစစ်အဖွဲ့သည် တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်အတွင်း ဝင်/ထွက်သွားလာသူများအား   စိစစ်ဆောင်ရွက်ခြင်း၊ နယ်မြေအတွင်းသတင်းရယူစုံစမ်းခြင်းတို့ ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ပြစ်မှုကျူးလွန်သူ မှော်ဘီမြို့နယ် ကုလားကြီးကုန်းကျေးရွာနေ တရားခံ သက်ပိုင်ထွန်း(ခ)ပိုင်လေး(၂၀)နှစ်အား ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။ တရားခံ သက်ပိုင်ထွန်း(ခ) ပိုင်လေးအား စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ညနေပိုင်းတွင် ပြစ်မှုကျူးလွန်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့်ကုလားကြီးကုန်းကျေးရွာနေ စိုးရာဇာ(ခ) စိုးဝင်းကျော်(၂၂)နှစ်နှင့် ဝေယံနိုင်(ခ)ဝေယံ(၁၉)နှစ်တို့ ၂ ဦးအား မှော်ဘီမြို့နယ် ကုလားကြီးကုန်းကျေးရွာရှိ ၎င်းတို့၏နေအိမ်များ၌လည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေ တရားခံတိုးဝင်းကျော်(ခ)တိုးဝေကျော်(ခ)ကုလား(၂၈)နှစ်အား လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် (၇)ရပ်ကွက်ရှိ ရွှေထိပ်တင်ဘီယာဆိုင်အနီး၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။ဖမ်းဆီးရမိတရားခံများဖြစ်ကြသည့် သက်ပိုင်ထွန်း(ခ)ပိုင်လေး၊ စိုးရာဇာ(ခ)စိုးဝင်းကျော်၊ ဝေယံနိုင်(ခ)ဝေယံနှင့် တိုးဝင်းကျော်(ခ)တိုးဝေကျော်(ခ)ကုလားတို့ ၄ ဦးအား စစ်ဆေးချက်အရ ၎င်းတို့ ၄ ဦးနှင့် ဖမ်းဆီးရန်ကျန် တရားခံစိုးထက်(ခ)အေကေတီတို့ ၅ဦးသည် မှော်ဘီမြို့နယ်ကုလားကြီးကုန်းကျေးရွာအတွင်းပန်းရန်လုပ်ကိုင်နေကြသူများဖြစ်ကြောင်း၊ ဇူလိုင်လ ၁ ရက်နေ့ နေ့လယ်ပိုင်းတွင် သက်ပိုင်ထွန်း(ခ)ပိုင်လေး၏ နေအိမ်တွင် ၎င်းတို့ ၅ ဦးတွေ့ဆုံခဲ့ကြပြီး သက်ပိုင်ထွန်း(ခ)ပိုင်လေးမှ ငွေကြေးအဆင်မပြေကြောင်းပြောရာ စိုးရာဇာ(ခ)စိုးဝင်းကျော်မှ မှော်ဘီမြို့နယ်(၂)ရပ်ကွက်ရှိ စန္ဒကူးမြိုင်ရိပ်သာကျောင်းတိုက်အတွင်း ဝင်ရောက်ခိုးယူရန်တိုင်ပင်ခဲ့ကြပြီး ည ၁၀ နာရီအချိန်တွင် ၎င်းတို့ ၅ ဦးသည် စန္ဒကူးမြိုင်ရိပ်သာကျောင်းတိုက်ရှိ ကျောင်းဆောင်အတွင်းသို့ ဝင်ရောက်ခဲ့ကြကြောင်း၊ ကျောင်းဆောင်အတွင်း ရောက်ရှိစဉ် ဆရာတော်ကြီးအား ခုတင်ပေါ်တွင် ထိုင်လျက်တွေ့ရှိရပြီး ဆရာတော်ကြီးမှ ၎င်းတို့အား မြင်တွေ့သွားခဲ့သဖြင့် အသင့်ပါလာသည့် အရိုး/အသွား ၁၈ လက်မခန့်ရှိ ဓားမြှောင်၁ ချောင်းနှင့် ကျောင်းဆောင်အတွင်းမှ တွေ့ရှိရသည့် စတီးဓား ၁ ချောင်းတို့ဖြင့် ဆရာတော်ကြီးအား ထိုးသတ်ခဲ့ကြကြောင်း သိရသည်။

ထို့နောက်ဆရာတော်ကြီးထံမှ လက်ကိုင်ဖုန်း ၂ လုံးနှင့် ငွေကျပ်၅ သိန်းတို့အား လုယက်ယူဆောင်ခဲ့ပြီး ဖုန်း ၂ လုံးအား စိုးရာဇာ(ခ)စိုးဝင်းကျော်နှင့် သက်ပိုင်ထွန်း(ခ)ပိုင်လေးတို့မှ ၁ လုံးစီ ယူဆောင်ကာ ခိုးယူရရှိငွေ ၅ သိန်းကျပ်အား ဝေယံနိုင်(ခ)ဝေယံမှ ၁သိန်း ၄ သောင်းကျပ်နှင့် တိုးဝင်းကျော်(ခ)တိုးဝေကျော်(ခ)ကုလားနှင့် ဖမ်းဆီးရန်ကျန်တရားခံ စိုးထက်(ခ)အေကေတီတို့မှ ၁သိန်း ၈ သောင်းကျပ်စီ ခွဲဝေယူဆောင်ခဲ့ကြောင်း ထွက်ဆိုခဲ့ကြသည်။

သက်ပိုင်ထွန်း(ခ)ပိုင်လေးပါ ၄ဦးတို့၏ ထွက်ဆိုချက်အရ သက်သေခံပစ္စည်းများ သိမ်းဆည်းရရှိရေး ဆောင်ရွက်ခဲ့ရာ သက်သေခံဖုန်း ၂ လုံးအား မှော်ဘီမြို့နယ်ရှိဖုန်းအပိုပစ္စည်းအရောင်းဆိုင်များမှလည်းကောင်း၊ ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် ဓားမြှောင် ၁ ချောင်းနှင့်လောက်လေးခွထည့်ထားသည့်ဘေးလွယ်အိတ်၁ လုံးတို့အား စန္ဒကူးမြိုင်ရိပ်သာကျောင်းဝင်းအတွင်းရှိ ရေမြောင်းအတွင်းမှလည်းကောင်း သိမ်းဆည်းရရှိခဲ့ပြီး ဖမ်းဆီးရန်ကျန်တရားခံဖြစ်သူ တောင်ငူမြို့နယ်နေ တရားခံ စိုးထက်(ခ) အေကေတီ(၁၉)နှစ်အား ဇူလိုင်လ၁၂ ရက်နေ့ နေ့လယ်ပိုင်းတွင် တောင်ငူမြို့နယ် (၁၉)ရပ်ကွက်ရှိ ညောင်ပင်လေးဈေးအနီး၌လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် မှော်ဘီမြို့နယ် စန္ဒကူးမြိုင်ရိပ်သာ ကျောင်းတိုက်ဆရာတော်အား သတ်ဖြတ်ပြီး လက်ကိုင်ဖုန်း ၂ လုံးနှင့် ငွေကျပ်၅ သိန်းအား လုယက်ယူဆောင်ခဲ့သူ တရားခံ သက်ပိုင်ထွန်း (ခ) ပိုင်လေး၊ စိုးရာဇာ(ခ)စိုးဝင်းကျော်၊ ဝေယံနိုင်(ခ)ဝေယံ၊ တိုးဝင်းကျော်(ခ)တိုးဝေကျော်(ခ)ကုလားနှင့် စိုးထက်(ခ)အေကေတီတို့ ၅ဦးအား သက်သေခံပစ္စည်းများနှင့်အတူဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။                             

Telegram….https://t.me/positiveanglenews#PAN