
(ပြည်တွင်း) ဇူလိုင် ၁၂
နိုင်ငံတော်၏ လေကြောင်းပို့ဆောင်ရေးကဏ္ဍ မြှင့်တင်ရန်နှင့် ဒေသတွင်းစီးပွားရေး၊ ခရီးသွားလုပ်ငန်းနှင့် နည်းပညာကဏ္ဍများကို အထောက်အကူပြုစေရန် ရည်ရွယ်တည် ဆောက်ထားသည့် အနီးစခန်းလေဆိပ်သစ် ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့တွင် ကျင်းပခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည့် အဆိုပါလေဆိပ်သည် အစိုးရသစ်၏ ပထမရက် ၁၀၀ စီမံချက်တွင် ပါဝင်သော အရေးပါသည့် အခြေခံအဆောက်အအုံ စီမံကိန်းတစ်ခုဖြစ်သည်။ လေဆိပ်သစ်သည် ရတနာပုံဆိုင်ဘာစီးတီးအား ကမ္ဘာ့အဆင့်မီ ဆီလီကွန်တောင် ကြား(Silicon Valley) အဖြစ် တည်ဆောက်မည့် စီမံကိန်းအတွက် မဟာဗျူဟာမြောက် လေကြောင်းဝင် ပေါက် ဖြစ်လာမည်ဖြစ်သည်။ ထို့အပြင် ပြင်ဦးလွင်မြို့၏ တောင်ပေါ်အပန်းဖြေမြို့၊ ကော်ဖီမြို့နှင့် ပညာရေးမြို့တော်ဟူသော ဂုဏ်ပုဒ်များနှင့်အညီ ခရီးသွားများ လျင်မြန်ချောမွေ့စွာ ရောက်ရှိနိုင်ရေးအတွက် အထောက်အကူပြုမည်ဖြစ်သည်။
လေဆိပ်သစ်ဖွင့်လှစ်ပွဲတွင် ပို့ဆောင်ရေးနှင့် ဒစ်ဂျစ်တယ်ဖွံ့ ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
နိုင်ငံတော်သမ္မတက လေဆိပ်အဆောက်အအုံ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။ အခမ်း အနားတွင် သမ္မတက ပြောကြားရာ၌ အစိုးရအနေဖြင့် လေကြောင်းပို့ဆောင်ရေးကဏ္ဍကို ဦးစားပေးလုပ်ဆောင်လျက်ရှိပြီး၊ လေဆိပ်များအပါ အဝင် အခြေခံအဆောက် အအုံနှင့် ဆောက်လုပ်ရေးစီမံကိန်းများကို တိုးချဲ့လုပ်ဆောင်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတစ်ဝန်းတွင် အပြည်ပြည်ဆိုင်ရာလေဆိပ် ၃ ခုနှင့် ပြည် တွင်းလေဆိပ် ၂၈ ခုတို့တွင် ပုံမှန်လေကြောင်းခရီးစဉ်များ ပျံ သန်းလျက်ရှိကြောင်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းတို့အနက် အနီးစခန်းလေဆိပ်သစ်သည် ပြည်တွင်းလေဆိပ်ကွန်ရက်ကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း ထောက်ပြသည်။
ပြင်ဦးလွင်မြို့ကို တောင်ပေါ်အပန်းဖြေမြို့၊ ချယ်ရီမြို့၊ ကော်ဖီမြို့၊ ကျန်းမာရေးမြို့နှင့် ပညာရေးမြို့အဖြစ် အကောင်အထည်ဖော်လျက်ရှိကြောင်း ၎င်းက ပြောသည်။ အနီးစခန်းလေဆိပ် စီမံ ကိန်းကို ခရီးသွားများ လျင်မြန်စွာ လာရောက်နိုင်စေရန်အတွက် ၂၀၂၃ ခုနှစ်မှစတင်၍ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

အနီးစခန်းလေဆိပ်တွင် ခရီးသည် ၁၀၀,၀၀၀ ခန့်အထိ ဝင်ထွက်နိုင်သည့် နှစ်ထပ်သံမဏိတည်ဆောက်ပုံပါ လေ ဆိပ်နားနေဆောင်၊ လေယာဉ်ရပ်နားနိုင်သည့် Apron ဧရိယာနှင့် လေ ကြောင်းထိန်းသိမ်းရေးမျှော်စင်တို့ ပါဝင်သည်။ အနာဂတ်တွင် လေယာဉ်ကြီးများ ဆင်းသက်နိုင်ရန်အတွက် ဆက်လက်အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အနီးစခန်းလေဆိပ်သည် ရတနာပုံဆိုင်ဘာစီးတီးကို နိုင်ငံ တော်၏ ICT ကဏ္ဍအတွက် ကမ္ဘာ့အဆင့်မီ ဆီလီကွန်တောင် ကြားအဖြစ် တည်ဆောက်မည့် အစပျိုးမှုများနှင့် ပြင်ဦးလွင်ဒေသ၏ ခရီးသွားလုပ်ငန်းအတွက် မဟာဗျူဟာမြောက် လေ ကြောင်းဝင်ပေါက် ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း သမ္မတက အလေးပေးပြောကြားခဲ့သည်။
အစီအမံများကို ထုတ်ဖော်ပြောကြားရာတွင် အနာဂတ်တွင် အနီးစခန်းလေဆိပ်ကို လေယာဉ်ကြီးများ ဆင်းသက်နိုင်ရန် အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး လေကြောင်းခရီးစဉ်များကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန် လိုအပ်သော အခြေခံအဆောက် အအုံများဖြင့် ဖြည့်ဆည်းသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ စစ်ဦးစီးအရာရှိချုပ် (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Telegram»… https://t.me/positiveanglenews
#PAN