နေတိုးထိပ်သီးအစည်းအဝေးတွင် ယူကရိန်းအတွက် ယူရိုဘီလီယံ ၇၀ စစ်ရေးအကူအညီပေးရန် ကတိပြု၊ သမ္မတထရန့်က ငြိမ်းချမ်းရေးဆွေးနွေးမှု တိုးတက်မှုရှိဟု ဆို   

(နိုင်ငံတကာ) ဇူလိုင် ၉

     တူရကီနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO)၏ နှစ်ရက်တာ ထိပ်သီးအစည်း အဝေးကြီး ပြီးဆုံးသွားခဲ့ပြီး၊ မဟာမိတ်အဖွဲ့ဝင်နိုင်ငံများက ရုရှား၏ ကျူး ကျော်မှုကို ခုခံနေသည့် ယူကရိန်းနိုင်ငံအတွက် ယခု ၂၀၂၆ ခုနှစ်အတွင်း ယူရိုဘီလီယံ ၇၀ (အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံ) တန်ဖိုးရှိ စစ်ရေးအကူအညီများ ပံ့ပိုးပေးရန် ကတိပြုလိုက်ကြသည်။                 

     တစ်ချိန်တည်းမှာပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အနာဂတ်ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိနိုင်မည့် အလား အလာအပေါ် အကောင်းမြင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

     အဖွဲ့ဝင် ၃၂ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်သည့် အဆိုပါအစည်းအဝေးသို့ ယူကရိန်းသမ္မတ ဗိုလိုဒီမို ဇီလန်းစကီး ကိုယ်တိုင်တက်ရောက်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့်လည်း သီးခြားတွေ့ဆုံခဲ့သည်။ နေတိုးအဖွဲ့၏ ပူးတွဲကြေညာ ချက်တွင် ၂၀၂၆ ခုနှစ်အတွက် ယူရိုဘီလီယံ ၇၀ ကို စစ်ရေးအသုံးအဆောင်၊ လေ့ကျင့်ရေးနှင့် အကူအညီများအဖြစ် ပေး အပ်မည်ဖြစ်ပြီး၊ လာမည့် ၂၀၂၇ ခုနှစ်တွင်လည်း ယင်းနှင့်ညီမျှသော ပမာဏကို ဆက်လက်ထိန်းသိမ်း ပံ့ပိုးသွားမည်ဟု ဖော်ပြထားသည်။ 

     ပြီးခဲ့သည့်နှစ်က ဇီလန်းစကီးနှင့် လူသိရှင်ကြား သဘောထားကွဲလွဲခဲ့ဖူးသည့် သမ္မတထရန့်သည် ယခုအကြိမ်တွင်မူ ယူကရိန်းကို ကူညီပံ့ပိုးပေးရန် စိတ်အားထက်သန်သည့် ပုံစံပြသခဲ့သည်။ ထရန့်က ရုရှားသမ္မတ ပူတင်ကော၊ ယူကရိန်းသမ္မတ ဇီလန်းစကီးပါ “ခက်ခဲသည့် လူစားမျိုးများ” ဖြစ်ကြသဖြင့် ငြိမ်းချမ်းရေး အဖြေရှာမှုမှာ မလွယ်ကူသော်လည်း “ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း တိုးတက်မှုအများကြီး ရရှိခဲ့သည်” ဟု ဆို သည်။                                 

     ထို့အပြင် ယူကရိန်းက တောင်းဆိုထားသည့် အမေရိကန်၏ ခေတ်မီ Patriot ဒုံးကျည်စနစ်များကို ယူကရိန်းမြေပေါ်တွင် ကိုယ်တိုင်ထုတ်လုပ်နိုင်ခွင့် (Production License) ပေးအပ်သွားမည်ဟု ထရန့်က အံ့အားသင့်ဖွယ် ကတိပြုခဲ့သည်။

    သမ္မတဇီလန်းစကီးသည် ထိပ်သီးအစည်းအဝေးအတွင်း နှစ်နိုင်ငံအကြား သီးခြားဆွေးနွေးပွဲ (Bilateral meetings) ပေါင်း ၂၀ နီးပါးကို တက်ကြွစွာ ဆောင်ရွက်ခဲ့သည်။ ၎င်းအနေ ဖြင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလိန်းနှင့် ဒရုန်းဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးရန် ဆွေးနွေးခဲ့သလို၊ အက်စတိုးနီးယား၊ နယ်သာလန်၊ ဒိန်းမတ်တို့နှင့်လည်း ကတိကဝတ်အသစ်များ ရရှိခဲ့သည်။

     ထို့ပြင် ဂျာမနီ၊ နော်ဝေ၊ ဖင်လန်၊ ကနေဒါတို့နှင့်လည်း ဒရုန်းဆိုင်ရာ သဘောတူညီချက်များ ထပ်မံရရှိရန် မျှော်လင့်ထားပြီး၊ တောင်ကိုရီးယားနိုင်ငံမှ ဒေါ်လာ ၁၀၀ မီလီယံ ပံ့ပိုးကူညီမှုအပေါ် ကျေးဇူးတင်စကား ဆိုခဲ့သည်။               

    စစ်ရေးကျွမ်းကျင်သူ Ed Arnold ၏ အဆိုအရ ယူကရိန်းအနေဖြင့် နေတိုးအဖွဲ့ဝင်အဖြစ် ချက်ချင်းရရှိရန် မဖြစ်နိုင်သေးသော်လည်း၊ ယခုရရှိသည့် စစ်ရေးစွမ်းဆောင်ရည်များသည် ယူကရိန်းကို စစ်ပွဲအတွင်း အားသာချက်ရစေရန် ထောက်ကူပေးလိမ့်မည်ဟု သုံးသပ်သည်။          

     နေတိုးထိပ်သီးအစည်းအဝေး ကျင်းပနေစဉ်အတွင်းမှာပင် ရုရှားဘက်က ကိဗ်မြို့တော်နှင့် ခါကိဗ်ဒေသများကို မိဒုံးကျည်များဖြင့် ပြင်းထန်စွာ ဆက်လက်တိုက်ခိုက်ခဲ့ရာ အရပ်သား အများအပြား သေဆုံးနှင့် ဒဏ်ရာရရှိခဲ့သည်။ ယူကရိန်းလေတပ်အနေ ဖြင့် ရုရှား၏ မိဒုံးကျည်များကို ကြားဖြတ်မဖျက်ဆီးနိုင်ခြင်းမှာ အားနည်းချက် (Achilles heel) ဖြစ်နေဆဲဖြစ်ပြီး လေကြောင်းရန်ကာကွယ်ရေးစနစ်များ ပိုမိုလိုအပ်နေကြောင်း မြေပြင်သတင်းထောက်များက ဆိုသည်။

     တစ်ချိန်တည်းမှာပင် ယူကရိန်းဒရုန်းများကလည်း ရုရှားနိုင်ငံအတွင်းရှိ ရေနံချက်စက်ရုံ သုံးရုံနှင့် ပိုက်လိုင်းတွန်းစက်ရုံများကို အောင်မြင်စွာ တန်ပြန်တိုက်ခိုက်နိုင်ခဲ့ပြီး ရုရှား၏ ထောက်ပံ့ပို့ ဆောင်ရေးကို ဖြတ်တောက်နိုင်ခဲ့ကြောင်း သိရသည်။                              

Telegram»… https://t.me/positiveanglenews

#PAN