နေပြည်တော်

(မှုခင်း) ဇူလိုင် ၈နေပြည်တော်

ပျဥ်းမနားမြို့နယ် ကင်ပွန်းတန်းအုပ်စု မြို့ရှောင်လမ်းဘေး PeroSeven စက်သုံးဆီဆိုင်အနီးတွင် အိုးဝေမောင်းသူ ၄ဦး ဓားဖြင့် ခုတ်ခံရကြောင်းသိရသည်။

ဇူလိုင်လ ၇ရက် ည၆နာရီခွဲအချိန်က ပျဥ်းမနားမြို့နယ်၊ မြို့ရှောင်လမ်းဘေး PeroSeven စက်သုံးဆီဆိုင်အနီးတွင် အိုးဝေယာဥ်မောင်းများဖြစ်သည့် ဦးတင်စိုးလှိုင်၊ ဦးဇင်မောင်မောင်လွင်၊ဦးကျော်ကျော်နှင့် ဦးရဲထက်အောင်တို့ ၄ဦးသည် အချင်းချင်းနောက် ပြောင်သည်ကို ဇေယျာသီရိမြို့နယ် အိုင်စောက်ကျေးရွာနေသူများဖြစ်သည့် မျိုးမင်းဦး၊ ၂၄-နှစ်၊ (ဘ)ဦးသိန်းဇော်၊ အငယ်လေး၊ ၂၅-နှစ်ခန့်၊ (ဘ)ဦးညွန့်ဝင်း၊ ဆံရှည်(ခ)ဇော်ထွန်း၊ ၃၈-နှစ်၊ (ဘ)ဦးမြသိန်းတို့မှ ၎င်းတို့အား နောက်ပြောင်သည်ထင်ပြီး ဓါးများနှင့်ဝိုင်းဝန်းခုတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဝိုင်းဝန်းဓားခုတ်ခံရမှုကြောင့် တင်စိုးလှိုင်၊ ၃၀-နှစ်၊ (ဘ)ဦးခင်မောင်၊ အိုးဝေမောင်း၊ ဥယျာဉ်စုကျေးရွာ၊ ပျဥ်းမနားမြို့နယ်နေသူတွင် ဦးခေါင်း(၁)လက်မခန့်ပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာတံတောင်ဆစ်(၁)လက်မ ခန့်ပြတ်ရှဒဏ်ရာ(၁)ချက်၊ ဝဲလက်ခလယ်၊ ဝဲလက်သူကြွယ်၊ ဝဲလက်သန်း ပြတ်ရှဒဏ်ရာ၊ ဇင်မောင်မောင်လွင်၊ ၃၀-နှစ်၊ (ဘ)ဦးတင့်လွင်၊ အိုးဝေမောင်း၊ ကြံဖိုစုတဲကုန်းကျေးရွာ၊ ပျဥ်းမနားမြို့နယ်နေသူတွင် ယာလက် မောင်း(၁)လက်မခန့် ပြတ်ရှဒဏ်ရာ(၂)ချက်၊ ဝဲလက်ဖျံပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာပေါင်(၂) လက်မခန့်ပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာလက်ပြင်(၂)လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်၊ ကျော်ကျော်၊ ၂၈-နှစ်၊ (ဘ)ဦးမြင့်အောင်၊ အိုးဝေမောင်း၊ ရုံးပင်စောင်းကျေးရွာ၊ ဇေယျာသီရိမြို့နယ်နေသူတွင် ယာနံကြားထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာလက်ဖျံထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာလက်မောင်းပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာတင်ပါးဆုံ ပြတ်ရှဒဏ်ရာ(၁)ချက်နှင့် ရဲထက်အောင်၊ ၃၀-နှစ်၊ (ဘ)ဦးလှရွှေ၊ အိုးဝေမောင်း၊ ဦးကျေးရွာ၊ ပျဥ်းမနားမြို့နေသူမှာ ဝဲလက်ဖျံ(၄) လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက် အနက်(၁)လက်မခန့်၊ လည်ပင်းဝဲဘက်(၆)လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက် အနက်(၂)လက်မခန့်တို့ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဓားခုတ်ဒဏ်ရာရရှိသူ တင်စိုးလှိုင်နှင့် ဇင်မောင်မောင်လွင်တို့အား ပျဥ်းမနားမြို့နယ် ခုတင်(၂၀၀)ဆေးရုံသို့ လည်းကောင်း၊ ကျော်ကျော်နှင့် ရဲထက်အောင်တို့အားနေပြည်တော် ခုတင်(၁၀၀၀)ပြည်သူ့ဆေးရုံသို့ (စိုးရိမ်ရ/အတွင်းလူနာ)အဖြစ်လည်းကောင်း ပို့ဆောင် ဆေးကုသမှုခံလျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး ဓါးများနှင့် ဝိုင်းဝန်းခုတ်/ထိုးခဲ့သည့် မျိုးမင်းဦး၊ အငယ်လေးနှင့် ဆံရှည်(ခ) ဇော်ထွန်းတို့အား မြို့မရဲစခန်း(ပ)၂၁၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ-၃၂၆/၃၂၄/၁၁၄ ဖြင့် အမှုဖွင့်ထားရှိပြီး တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN