
(နိုင်ငံတကာ) ဇူလိုင် ၈
တရုတ်နိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းပြည်နယ်များတွင် အဖျက်စွမ်းအားပြင်းသည့် လေဆင်နှာမောင်းများနှင့် မိုးသက်မုန် တိုင်းများ ဆက်တိုက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးကာ ရာနှင့်ချီ ဒဏ်ရာရရှိပြီး လူပေါင်းသောင်းနှင့်ချီ၍ နေအိမ် စွန့်ခွာထွက်ပြေးခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော် ပြသည်။
တစ်ချိန်တည်းမှာပင် ကမ်းလွန်ပင်လယ်ပြင်၌ အရှိန်ကောင်းနေသည့် စူပါတိုင်ဖွန်းမုန်တိုင်း “ဘာဗီ” (Bavi)သည် တရုတ်နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းသို့ ဦးတည်ချဉ်းကပ်လာနေသဖြင့် သမ္မတ ရှီကျင့်ဖျင်က အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို “အစွမ်းကုန်” အားစိုက်ဆောင်ရွက်ရန် ညွှန်ကြားထားသည်။
တရုတ်အလယ်ပိုင်း ဟူပေ (Hubei)ပြည်နယ်တွင် မိုးသက် မုန်တိုင်းများနှင့်အတူ ထူးထူးခြားခြား ပြင်းထန်သော လေဆင် နှာမောင်းတစ်ခု တိုက်ခတ်ခဲ့ရာ ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီနှင့် ကုန်လှောင်ရုံများကို ထိခိုက်ခဲ့ပြီး ကုန်တင်ကား အများအပြားကို မီတာ ၃၀ (၉၈ ပေ) အထိ လေထဲသို့ မြင့်တက်ခါးရမ်းသွားစေခဲ့သည်။
ဟူပေပြည်နယ်တစ်ခုတည်း၌ပင် လူ ၁၁ ဦး သေဆုံးကာ ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပေါင်း ၅,၀၀၀ နီးပါး ပျက် စီးခဲ့ရသည်။ မျက်မြင်သက်သေတစ်ဦးက “လေပြင်းက အိမ်ထဲကလူကို အပြင်ကို စုပ်ထုတ်သွားပြီး ဆိုဖာ၊ ဗီဒို၊ စားပွဲတွေအား လုံး တခဏချင်းမှာ ပျောက်ကွယ်သွားတယ်။ အဆောက်အအုံတစ်ခုလုံး အတွင်းပိုင်းကို ခြစ်ထုတ်ပစ်လိုက်သလိုပဲ” ဟု မြေပြင်အခြေအနေကို ပြောကြားခဲ့သည်။
အလားတူ တရုတ်တောင်ပိုင်း ကွမ်ရှီး (Guangxi)ပြည် နယ်တွင်လည်း တိုင်ဖွန်းမုန်တိုင်း မိုင်ဆတ် (Maysak)ကြောင့် ပြင်း ထန်စွာ မိုးရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ အနည်း ဆုံး လူ ၆ ဦး သေဆုံးကာ ၁၁ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။
ကွမ်ရှီးပြည်နယ်ရှိ မြစ်ချောင်းများနှင့် ရေလမ်းကြောင်း ၄၀ ကျော်တွင် ရေလျှံမှုများ ဖြစ်ပေါ်နေသောကြောင့် ဒေသအာဏာ ပိုင်များက အမြင့်ဆုံးအဆင့်ဖြစ်သည့် အနီရောင်သတိပေးချက်ကို ထုတ်ပြန်ထားရပြီး လူဦးရေ ၁၃၀,၀၀၀ ကျော်ကို အရေးပေါ် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရသည်။
ယခုကဲ့သို့ မုန်တိုင်းဒဏ်များ ခံနေရစဉ်အတွင်း တရုတ်နိုင်ငံသည် ကြာသပတေးနေ့တွင် အရှေ့ဘက်ကမ်းရိုးတန်းသို့ ဝင်ရောက်လာမည့် စူပါတိုင်ဖွန်းမုန်တိုင်း ဘာဗီ (Bavi) အန္တရာယ်အတွက် ထပ်မံပြင်ဆင်နေရသည်။ အမေရိကန် အမျိုးသားမိုး လေဝသဌာန၏ ထုတ်ပြန်ချက်အရ တိုင်ဖွန်းဘာဗီသည် တစ်နာရီလျှင် မိုင် ၁၅၀ (၂၄၁ ကီလိုမီတာ) နှုန်းရှိသော လေပြင်းများနှင့်အတူ အရှိန်ပိုမိုပြင်းထန်လာနေသည်။ အဆိုပါမုန်တိုင်းကြောင့် အမေရိကန်ပိုင် ဂူအမ်နှင့် ရိုတာကျွန်းစုများတွင် သစ်ပင်များနှင့် ဓာတ်တိုင်များ လဲပြိုကာ ၅၀ ရာခိုင်နှုန်းကျော် ပျက်စီးဆုံးရှုံးခဲ့ပြီးဖြစ်ကာ လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က ကယ်ဆယ်ရေးသမားများအနေ ဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်အတွက် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း စဉ်များကို “အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်” ကြရန်နှင့် မုန်တိုင်းဒဏ်ခံရမည့် ဧရိယာများတွင် ကြိုတင်ကာကွယ်မှုများ အပြည့်အဝပြုလုပ်ထားရန် CCTV မှတစ်ဆင့် တိုက် တွန်းနှိုးဆော်ထားသည်။
Telegram»…
https://t.me/positiveanglenews
#PAN