ဒီအာကွန်ဂိုတွင် စာမေးပွဲဖြေပြီးပြန်လာသည့် ကျောင်းသားများစီးလာသော စက်လှေမှောက်၍ လူ ၂၀ ကျော် သေဆုံး၊ လူ ၁၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်နိုင်ဟုဆို      

(နိုင်ငံတကာ) ဇူလိုင် ၅

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DR Congo) အလယ်ပိုင်း ကာဆိုင်းပြည်နယ်တွင် နိုင်ငံတော်အဆင့် စာမေးပွဲများ ဖြေဆိုပြီး နေရပ်ပြန်လာကြသည့် ကျောင်းသားအများစု လိုက်ပါလာသော သစ်သားစက်လှေတစ်စီး နစ်မြုပ်မှုဖြစ် ပွားခဲ့ရာ အနည်းဆုံး လူ ၂၀ ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များနှင့် မျက် မြင်သက်သေများက ပြောကြားခဲ့သည်။                 

     အဆိုပါ သစ်သားစက်လှေသည် သောကြာနေ့က ကာဆိုင်း (Kasai) ပြည်နယ်အတွင်းရှိ ဆန်ကူရူး(Sankuru)မြစ်နှင့် ကာဆိုင်းမြစ်နှစ်သွယ် ဆုံရာမြစ်ဝသို့ အဝင်တွင် တိမ်းမှောက်နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။ ကာဆိုင်းပြည်နယ် အီလီဘို(Ilebo) နယ် မြေ အုပ်ချုပ်ရေးမှူး ဖရန်ဆွာ ကာဘူလာ ၏ ပြောကြားချက်အရ လက်ရှိအချိန်အထိ အသက်ရှင်ကျန်ရစ်သူ ၈၀ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ ရုပ်အလောင်း ၂၀ ဦးကို ဆယ်ယူရရှိထားကြောင်း သိရသည်။     

     သို့သော်လည်း အခင်းဖြစ်ပွားရာနေရာတွင် ရှိနေခဲ့ပြီး လှေမှောက်မှုကို ကိုယ်တိုင်မြင်တွေ့ခဲ့သည့် ချီကူဒီ ဂျန် (Tshikudi Jean) အမည်ရှိ မျက်မြင်သက်သေတစ်ဦးက အဆိုပါစက်လှေပေါ်တွင် တရားဝင်သတ်မှတ်ဦးရေထက် ကျော်လွန်ကာ လူပေါင်း ၂၀၀ ကျော်အထိ တင်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း AP သတင်း ဌာနသို့ ထွက်ဆိုထားသည်။

     ထို့ကြောင့် အာဏာပိုင်များ ထုတ်ပြန်ထားသည့် စာရင်းထက် ပျောက်ဆုံးနေသူ ပိုမိုများပြားနိုင်ပြီး သေဆုံးသူဦးရေ ယခုထက် ထပ်မံတိုးတက်လာနိုင်ကြောင်း စိုးရိမ်နေကြသည်။

     ဗဟိုအာဖရိကနိုင်ငံတစ်ခုဖြစ်သည့် ဒီအာကွန်ဂိုနိုင်ငံ တွင် အဝေးပြေးလမ်းမကြီးများ အားနည်းခြင်းကြောင့် ရေ ကြောင်းခရီးစဉ်များကိုသာ အဓိကအားထားနေရသော် လည်း ဘေးကင်းလုံခြုံရေးစံနှုန်းများ အလွန်အားနည်းလျက်ရှိသည်။ ဝေးလံခေါင်သီသော ဒေသများ၌ ညဘက် ရေကြောင်းခရီးသွားလာခြင်း၊ ကုန်နှင့်လူကို အလွန်အကျွံ တင်ဆောင်ခြင်းတို့ကြောင့် မကြာခဏဆိုသလို လူအစုလိုက်အပြုံလိုက် သေဆုံးရသည့် လှေမှောက်မှုများ ဖြစ်ပွားလေ့ရှိသည်။

     ယခုဖြစ်ရပ်နှင့် ပတ်သက်၍ အီလီဘို အရပ်ဘက်လူမှုအဖွဲ့အစည်း ဥက္ကဋ္ဌ ဖရန်ဆွာ မာလီပိုက “ဒီအာကွန်ဂိုက ရေယာဉ်ပိုင်ရှင်တွေဟာ ငွေရဖို့ပဲ ကြည့်ကြပြီး လူ့အသက်တွေကို လုံးဝဂရုမစိုက်ကြဘူး” ဟု ဒေသတွင်း စည်းကမ်းမဲ့ ဥပဒေချိုးဖောက်နေမှုများနှင့် ရေယာဉ်ပိုင်ရှင်များ၏ လော ဘဇောအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့သည်။           
Telegram»…

https://t.me/positiveanglenews

#PAN