
(နိုင်ငံတကာ) ဇွန် ၃၀
ဥရောပတိုက်တွင် ဖြစ်ပွားနေသည့် သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး အပူလှိုင်းကြောင့် ဗဟိုနှင့် အရှေ့ပိုင်းဒေသများတွင် စံချိန်တင် အပူချိန်များ ချိုးဖျက်လျက်ရှိရာ ဆလိုဗက်ကီးယားနှင့် ချက်ခ်သမ္မတနိုင်ငံတို့တွင် ၄၁ ဒီဂရီဆဲလ်စီးယပ်စ်ကျော်အထိ စံချိန်တင် ပူပြင်းနေပြီး အပူဒဏ်ကြောင့် ဥရောပတစ်ခွင် လူပေါင်း ၁,၃၀၀ ကျော် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် မိုးလေဝသဌာနများ၏ ထုတ်ပြန်ချက်အရ သိရသည်။
ချက်ခ် ရေဆင်းနှင့်မိုးလေဝသဆိုင်ရာ သုတေသနဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံအနောက်မြောက်ပိုင်းတွင် အပူချိန်သည် ၄၁ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ်စ် (၁၀၇ ဒသမ ၄၂ ဒီဂရီဖာရင် ဟိုက်)အထိ ရောက်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်က တင်ခဲ့သည့် စံချိန်ဟောင်းထက် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်အထိ သိသိသာသာ ပိုမိုမြင့်တက်သွားခြင်းမှာ သမိုင်းတွင် မကြုံစဖူး ဖြစ်စဉ်ဖြစ် ကြောင်း ဆိုသည်။ ထို့အတူ အိမ်နီးချင်း ဆလိုဗက်ကီးယားနိုင်ငံတွင်လည်း ၄၁ ဒီဂရီဆဲလ်စီးယပ်စ်အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ဟန်ဂေရီနိုင်ငံတွင်လည်း ၄၁ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်စ်အထိ ပူပြင်းခဲ့သည်။

အဆိုပါ ပြင်းထန်သောအပူဒဏ်ကို ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ လူဦးရေ သန်း ၁၃၀ ခန့် အလူးအလဲ ခံစားနေရသည်။ အီတလီနိုင်ငံတွင် မြို့ပေါင်း ၂၂ မြို့နှင့် ခရိုအေးရှားနိုင်ငံတို့တွင် အပူလွန်ကဲမှုဆိုင်ရာ “အနီရောင်အဆင့်” သတိပေးချက်များ ထုတ်ပြန်ထားရပြီး ဘော်လ်ကန်ဒေသအပါအဝင် ခရိုအေးရှား၊ အယ်လ်ဘေးနီးယားနှင့် ဘော့စနီးယားနိုင်ငံတို့တွင် အပူရှိန်ကြောင့် တောမီးလောင်ကျွမ်းမှုများပါ ဆက်တိုက်ဖြစ်ပွားနေ သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)အကြီးအကဲ တက်ဒရိုစ် အက်ဒ်ဟန်နွန် ဂီဘရီရီဆုစ်က ဥရောပသည် ကမ္ဘာပေါ်တွင် အပူချိန်အမြန်ဆုံး မြင့်တက်နေသည့် တိုက်ကြီးဖြစ်ပြီး ကမ္ဘာ့ ပျမ်းမျှနှုန်းထက် နှစ်ဆပိုမိုပူနွေးလာနေကြောင်း သတိ ပေးခဲ့သည်။ ထို့ပြင် အပူလွန်ကဲမှုကို “အသံတိတ်လူသတ်သမား” ဟု ခေါ်ဆိုကြပြီး ဥရောပရှိ နေအိမ်များနှင့် စာသင် ကျောင်းများသည် ယခုကဲ့သို့ ပြင်းထန်သော အပူချိန်မျိုးကို ခံနိုင်ရည်ရှိရန် ကြိုတင်တည် ဆောက်ထားခြင်း မရှိကြောင်း ၎င်းက ဆိုသည်။
ပြင်းထန်သောအပူရှိန်ကြောင့် ယူကရိန်းနိုင်ငံတွင် လျှပ်စစ် ဓာတ်အားစနစ် အလွန်အမင်း ဝန်ပိမှုဖြစ်ပွားကာ တစ်နိုင်ငံလုံး အရေးပေါ် အလှည့်ကျမီးဖြတ်တောက်မှုများ ပြုလုပ်နေရသည်။ သိပ္ပံပညာရှင်များအဖွဲ့ (World Weather Attribution) ၏ သုံးသပ်ချက်အရ ကမ္ဘာကြီးပူနွေးလာမှု ၁ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်စ် အခြေအနေမှာတင် လူသားတို့၏ ရင်ဆိုင်နိုင်စွမ်း အကန့် အသတ်ကို ကျော်လွန်နေပြီဖြစ်ကြောင်း ထောက်ပြထားသည်။
လာမည့် ဇူလိုင်လ ၅ ရက်နေ့မှစတင်ကာ ပြင်သစ်၊ စပိန်၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံတို့တွင် အပူလှိုင်းသစ်များ ထပ်မံဝင်ရောက်လာနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့် မှန်းထားသည်။
Telegram»…
https://t.me/positiveanglenews
#PAN