အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး တိုးတက်မှုအတွက် အမေရိကန်သံတမန်များ ကာတာသို့ ရောက်ရှိ၊ တိုက်ရိုက်ဆွေးနွေးရန် မရှိဘဲ နားလည်မှုစာချွန်လွှာ (MOU) ဆိုင်ရာ အငြင်းပွားမှုများကို ကြားခံ​ဖြင့် ဆွေးနွေးမည်

(နိုင်ငံတကာ) ဇွန် ၃၀ 

   အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ အကောင်အထည်ဖော်ရန်အတွက် အမေရိကန်အထူးသံတမန်များဖြစ်ကြသည့် ဂျာရက် ကူးရှ်နာ (Jared Kushner) နှင့် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) တို့သည် ကာတာနိုင်ငံ မြို့တော် ဒိုဟာသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

     သို့သော်လည်း အီရန်အရာရှိများနှင့် တိုက်ရိုက်တွေ့ဆုံရန် စီစဉ်ထားခြင်းမရှိဘဲ ကြားဝင်စေ့စပ်ပေးသူများမှတစ်ဆင့် သွယ်ဝိုက်၍သာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကာတာနိုင်ငံ ခြားရေးဝန်ကြီးဌာနက အတည်ပြုပြောကြားသည်။

     အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အီရန်ဘက်က တွေ့ဆုံရန် တောင်းဆိုခဲ့သည်ဟု ပြောကြားခဲ့မှုကို တီဟီရန် (Tehran) အစိုးရဘက်က ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပြီးနောက် ယခုခရီးစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ မာဂျက် ဘင် မိုဟမ္မဒ် အယ်လ်-အန်ဆာရီ က အမေရိကန်ကိုယ်စားလှယ်များသည် ဒိုဟာရှိ ကြားဝင်စေ့စပ်ပေးသူများနှင့်သာ တွေ့ဆုံမည်ဖြစ်ပြီး အီရန်သံတမန်များနှင့် တိုက်ရိုက်ဆွေးနွေးမည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အမေရိကန်သံတမန်များဖြစ်သည့် ဂျရက် ကူရှနာနှင့် စတိဗ် ဝစ်ကော့ဖ်တို့သည် ဆွစ်ဇာလန်နိုင်ငံ၌ ကျင်းပသော အီရန်နှင့် ပထမအကျော့ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့စဥ်

အီရန်အစိုးရသည် လက်ရှိချုပ်ဆိုထားသည့် နားလည်မှုစာချွန်လွှာ (MOU)ပါ အချက်အလက်များ အကောင် အထည်ဖော်ရေးကိုသာ အဓိကထားမည့် နည်းပညာဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထားသည်။ အဆိုပါအဖွဲ့သည် ဟော်မုဇ်ရေ လက်ကြား (Strait of Hormuz) အတွင်း ရေကြောင်းသွားလာမှု အငြင်းပွားမှုများနှင့် ပိတ်ဆို့ခံထားရသည့် အီရန်ပိုင်ငွေ အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ပြန်လည်လွှတ်ပေးရေးတို့ကို အဓိက ဆွေးနွေးမည်ဖြစ် သည်။

     အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမာအေးလ် ဘာဂါအီ က “အမေရိကန်ဟာ သူ့ရဲ့ကတိ ကဝတ်တွေကို လိုက်နာရမှာဖြစ်ပြီး လိုအပ်ရင် ဇီယွန်ဝါဒီအစိုးရ (အစ္စရေး) ကိုလည်း လက်ဘနွန်တောင်ပိုင်း အပစ်ရပ်ရေးအပါအဝင် ကတိ ကဝတ်တွေအတိုင်း အကောင် အထည်ဖော်ဖို့ ဖိအားပေးရပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ စံနှုန်းကတော့ MOU ရဲ့ စာသားပဲ ဖြစ်ပါတယ်” ဟု အလေးအနက် ပြောကြားခဲ့သည်။                  

     အယ်လ်ဂျာဇီးယား သတင်းဌာန၏ အဆိုအရ နားလည်မှုစာ ချွန်လွှာ၏ အပိုဒ် ၅ ပါ ရေကြောင်းစီမံခန့်ခွဲမှုသည် အဓိက သဘောထားကွဲလွဲရာ အချက်ဖြစ်နေသည်။ အီရန် ဘက်က ရက်ပေါင်း ၆၀ ကြာ ညှိနှိုင်းဆွေးနွေးမှုကာလအတွင်း ဟော်မုဇ်ရေ လက်ကြား၏ ရေကြောင်းသွားလာမှုကို ၎င်းတို့တွင် စီမံခန့်ခွဲပိုင်ခွင့်ရှိသည်ဟု ယူဆထားသော်လည်း အမေရိကန်ဘက်ကမူ အီရန်အနေဖြင့် ရေလမ်းကြောင်းကို လွတ်လပ်စွာ ဖွင့်ပေးထားရုံသာ ဖြစ်သည်ဟု ယူဆနေသည်။

     ထို့ပြင် အိုမန်နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO) တို့က အီရန်နှင့် ကြိုတင်ညှိနှိုင်းခြင်းမရှိဘဲ ဟော်မုဇ်ရေလက်ကြားတွင် ရေလမ်းကြောင်းသစ်များ ဖွင့်လှစ်ရန် အဆို ပြုခဲ့မှုကိုလည်း အီရန်ဘက်က MOU ချိုးဖောက်မှုအဖြစ် ယူဆကာ စိုးရိမ်ပူပန်လျက်ရှိသည်။           

    ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဟော်မုဇ်ရေလက် ကြား၌ အမေရိကန်နှင့် အီရန်အကြား ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့သော် လည်း နှစ်နိုင်ငံအကြား သီးသန့်တည်ရှိသည့် အရေးပေါ်ဖုန်းလိုင်း(Dedicated hotline)ကြောင့် ပဋိပက္ခ ပိုမိုကြီးထွားမလာစေရန် ထိန်းချုပ်နိုင်ခဲ့ကြောင်း ကာတာအစိုးရက ဆိုသည်။                       

    လက်ရှိတွင် ရေကြောင်းလွတ်လပ်ခွင့်နှင့် သင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေးအတွက် ကာတာသည် အိုမန်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး၊ ပိတ်ဆို့ခံထားရသည့် အီရန်ပိုင်ငွေ ဒေါ်လာ ၆ ဘီလီယံမှာမူ တီဟီရန်သို့ လွှဲပြောင်းပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။           

Telegram»…
https://t.me/positiveanglenews

#PAN