
(နိုင်ငံတကာ) ဇွန် ၂၇
အစ္စရေးက သိမ်းပိုက်ထားသည့် အနောက်ဖက်ကမ်း (West Bank) ဒေသရှိ ကျေးရွာများနှင့် ဗလီတစ်ခုကို အကြမ်းဖက်တိုက်ခိုက်ခဲ့မှုများအတွက် အစ္စရေးအခြေချနေထိုင်သူ (Settlers) ၆ ဦးကို အစ္စရေးအစိုးရရှေ့နေများက တရား စွဲဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့က မျက်နှာဖုံးစွပ်ထားသည့် အစ္စ ရေးအခြေချနေထိုင်သူများသည် လွယ်ကူစွာမီးလောင်လွယ်သော ဓာတုပစ္စည်းများ၊ မျက်ရည်ယိုဓာတ်ငွေ့များနှင့် လက်နက်များကိုင်ဆောင်ကာ ဒေအာဒစ်ဘ်ဝမ် (Deir Dibwan) ကျေးရွာအတွင်းသို့ အတူတကွ ဝင်ရောက်ခဲ့ကြသည်။ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်များအရ ၎င်းတို့သည် ရွာအတွင်းရှိ သစ်ပင်ချုံနွယ်များ၊ မော်တော်ယာဉ်များနှင့် လူနေအိမ်များကို မီးတင်ရှို့ ဖျက် ဆီးခဲ့ကြသည့်အပြင် ဒေသခံဗလီကိုပါ အကြမ်းဖက်တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုထားသည်။
တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် ဗလီအတွင်း၌ ဝတ်ပြုဆုတောင်းသူများ ရှိနေစဉ် ပြတင်းပေါက်မှတစ်ဆင့် မီးလောင်လွယ်သော ပစ္စည်းများလောင်းကာ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင် သက်သေများက ဆိုသည်။
ယခုတရားစွဲဆိုခံရသူ ၆ ဦးတွင် အသက်မပြည့်သေးသူ ၅ ဦးနှင့် အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး ပါဝင်ပြီး၊ ၎င်းတို့အား ဂျေရုဆလင်ခရိုင်တရားရုံးတွင် လူမျိုးရေးမုန်းတီးမှုကို အခြေခံသည့် အကြမ်းဖက်ဆူပူမှု၊ မီးရှို့မှုနှင့် ဖျက်ဆီးမှု စသည့် ပြစ်မှုများစွာဖြင့် အမှုဖွင့်လှစ်ထားခြင်းဖြစ်သည်။
ကုလသမဂ္ဂ၏ မှတ်တမ်းများအရ ၂၀၂၆ ခုနှစ်အတွင်း အစ္စ ရေးအခြေချနေထိုင်သူများ၏ ပါလက်စတိုင်းများအပေါ် တိုက် ခိုက်မှုနှုန်းမှာ တစ်ရက်လျှင် ၆ ကြိမ်ခန့်အထိ သိသိသာသာ မြင့်တက်လာခဲ့သည်။ ယခုကဲ့သို့ လူ ၆ ဦးကို တရားစွဲဆိုလိုက်သော် လည်း အနောက်ဖက်ကမ်းဒေသတစ်ဝှမ်းတွင် တိုက်ခိုက်မှုများမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ် သည်။
ပြီးခဲ့သည့် သောကြာနေ့ တစ်ရက်တည်းမှာပင် ဘက်သလီဟမ် (Bethlehem) နှင့် ရာမလ္လာဟ် (Ramallah) မြို့များအနီးရှိ ကျေးရွာများကို အခြေချနေထိုင်သူများက ဝင်ရောက်စီးနင်းကာ စိုက်ပျိုးမြေများနှင့် မော်တော်ယာဉ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပါလက်စတိုင်း Wafa သတင်းဌာနက ဖော်ပြသည်။
ထို့ပြင် ဟီဘရွန် (Hebron) မြို့ဟောင်းရှိ အယ်လ်ရတ်စ် (Al-Ras) ဗလီကိုလည်း အစ္စရေးတပ်ဖွဲ့များနှင့် အခြေချနေထိုင်သူ များက အရုဏ်မတက်မီ ဝင်ရောက်စီးနင်းခဲ့ပြီး ဗလီအတွင်းရှိလူများကို ကိုယ်ထိလက်ရောက် စော်ကားကာ ဝတ်ပြုခွင့်တားမြစ်ခဲ့ကြောင်း သိရသည်။
ပါလက်စတိုင်းလူမျိုးများအပေါ် အကြမ်းဖက်မှုများ ကျူး လွန်နေသည့် အခြေချနေထိုင်သူများနှင့် ၎င်းတို့ကို ထောက်ပံ့နေသည့် ကွန်ရက်များကို ဩစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဗြိတိန် အစရှိသည့် အနောက်နိုင်ငံများက ပူးပေါင်း၍ ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည်။
သို့သော်လည်း အစ္စရေး ဘဏ္ဍာရေးဝန်ကြီး ဘီဇာရယ် စမောထရစ်ချ် (Bezalel Smotrich) ကမူ အဆိုပါ အရေးယူပိတ်ဆို့မှုများကို ဂရုမစိုက်ဘဲ “ဂုဏ်ထူးဆောင်တံဆိပ်တစ်ခု” ကဲ့သို့ သဘောထားကြောင်း တုံ့ပြန်ပြောဆိုထားသလို၊ အခြေချစခန်းတိုးချဲ့ရေး လှုပ်ရှားသူ ခေါင်းဆောင် ဒန်နီရယ်လာ ဝိုက်စ် (Daniella Weiss)ကလည်း ဥရောပ၏ ပြစ် ဒဏ်ခတ်မှုများကို “ရယ်စရာကောင်းလှသည်” ဟုဆိုကာ ပယ်ချထားသည်။
သိမ်းပိုက်ထားသော ဝက်စ်ဘန့်ခ်ဒေသတွင် နိုင်ငံတကာ ဥပဒေအရ တရားမဝင်သော အခြေချစခန်းများ၌ လာရောက်နေထိုင်သည့် အစ္စရေးလူမျိုးပေါင်း ၅ သိန်းကျော် ရှိနေကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN