
(နိုင်ငံတကာ) ဇွန် ၁၉
အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေစဉ်ကာလအတွင်း စစ်ရေးလှုပ်ရှားမှုများကို ယာယီရပ် ဆိုင်းထားရန် ရရှိခဲ့သည့် Fragile (နုနယ်သော) သဘောတူညီချက်အရ အီရန်ဆိပ်ကမ်းများအပေါ် ရေတပ်ဖြင့် စစ်ရေးအရ ပိတ်ဆို့ထားမှုအားလုံးကို ပြန်လည်ရုပ် သိမ်းလိုက်ပြီဖြစ်ကြောင်း အမေရိကန်စစ်တပ်က တရားဝင်ကြေညာလိုက်သည်။
အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်ရေးလှုပ်ရှားမှုများကို ကြီးကြပ်ကွပ်ကဲနေသည့် အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM)က ကြာသပတေးနေ့တွင် ထုတ်ပြန်ရာ၌ သမ္မတ ဒေါ်နယ်ထရမ်ပ်၏ ညွှန်ကြားချက်နှင့်အညီ အီရန်ဆိပ်ကမ်းများနှင့် ကမ်းရိုးတန်းဒေသများသို့ ဝင်ရောက်၊ ထွက်ခွာနေသည့် ရေကြောင်းသယ်ယူပို့ဆောင်ရေး အသွား အလာအားလုံးအပေါ် ပိတ်ဆို့ထားမှုကို ဖယ်ရှားပေးခဲ့ပြီးဖြစ်ကြောင်း ဆိုသည်။
လက်ရှိတွင် အမေရိကန်တပ်ဖွဲ့များအနေဖြင့် သင်္ဘောများ ဖြတ်သန်းသွားလာမှုကို အဟန့်အတား ပြုလုပ်ခြင်းမရှိတော့ဘဲ စစ်ရေးအရ ပိတ်ဆို့အရေးယူမှုဆိုင်ရာ ကြိုးပမ်းမှုအားလုံး ရပ်စဲသွားပြီဖြစ်သော်လည်း၊ အမေရိကန်စစ် သင်္ဘောကြီးများသည် သဘောတူညီချက်ပါ အချက် အလက်များကို နှစ်ဖက်စလုံးက အပြည့်အဝလိုက်နာမှုရှိစေရန်အတွက် အဆိုပါပင်လယ်ပြင်ဧရိယာအတွင်း ဆက်လက်ကင်းလှည့် စောင့်ကြည့်သွားမည် ဖြစ်သည်။
အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (JD Vance) ကလည်း အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားရာ တွင် အမေရိကန်ရေတပ်က ပိတ်ဆို့မှုကို ဖြေလျှော့ပေးခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့တစ်ရက်တည်းမှာပင် ဟော်မုဇ်ရေလက် ကြား (Strait of Hormuz) မှတစ်ဆင့် သင်္ဘောအစင်းရေ တစ်ဒါဇင်ကျော် ဖြတ်သန်းသွားခဲ့ပြီး ရေနံစည်ပေါင်း ၁၂.၅ သန်းအထိ ရွေ့လျားသွားလာနိုင်ခဲ့ပြီဖြစ်ကြောင်း အတည် ပြုခဲ့သည်။

အလားတူ အီရန်အမျိုးသားလုံခြုံရေးကောင်စီကလည်း ပါရှန်ပင်လယ်ကွေ့ ရေလက်ကြားအာဏာပိုင်အဖွဲ့အနေဖြင့် ဖြတ်သန်းလိုသည့် သင်္ဘောများကို အမြန်ဆုံးခွင့်ပြုမိန့်ပေးသွားမည် ဖြစ် ကြောင်း၊ ရက်ပေါင်း ၆၀ ကြာ ဆွေးနွေးညှိ နှိုင်းရေးကာလအတွင်း မည်သည့်ဖြတ်သန်းခမှ ကောက်ခံမည်မဟုတ်ကြောင်းနှင့် စစ်ပွဲအတွင်း ထောင်ထားခဲ့သည့် ရေမိုင်းများကို အမြန်ဆုံးပြန်လည်ရှင်းလင်းသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ခဲ့သည်။
အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားခဲ့သည့် စစ်ပွဲအတွင်း ကမ္ဘာလုံးဆိုင်ရာ ရေနံနှင့် သဘာဝဓာတ်ငွေ့ထောက် ပံ့မှု၏ အဓိကအချက်အချာဖြစ်သော ဟော်မုဇ်ရေလက်ကြား သွားလာမှု ယာယီရပ်တန့်ခဲ့ရသဖြင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်နှင့် စီးပွားရေးတစ်ရပ်လုံး ကမောက်ကမဖြစ်ရန် ခြိမ်းခြောက်မှုများ ရှိခဲ့သည်။
ယခုအခါ သမ္မတ ထရမ်ပ်အစိုးရအဖွဲ့သည် စစ်ပွဲဒဏ်သင့် အီရန်နိုင်ငံအတွက် စီးပွားရေးဆိုင်ရာ သက်သာခွင့်များပေးနိုင်ခြေအပါအဝင် နားလည်မှုစာချွန်လွှာ (MOU) ပါ လိုက်လျောမှုများအပေါ် ပြည်တွင်းမှ ဝေဖန်ကန့်ကွက်မှုများကို ကာကွယ်ပြောဆိုလျက်ရှိပြီး၊ ယခုရပ်တည်ချက်သည် အမေရိကန်ပြည်သူများအတွက် အကောင်းဆုံးရလဒ်ဖြစ် လာမည်ဟု ဒုသမ္မတ ဗန့်စ်က ဆိုသည်။
သို့သော်လည်း အစ္စရေး၏ လက်ဘနွန်တောင်ပိုင်း ဆက် လက်သိမ်းပိုက်ထားမှု၊ အီရန်၏ နျူကလီးယားအစီအစဉ်နှင့် နောင်တွင် ဟော်မုဇ်ရေလက်ကြားအသုံးပြုခ ကောက်ခံမည့် အီရန်၏အစီအစဉ်တို့ကြောင့် ယခုအပစ်ရပ်ဆွေးနွေးပွဲ သဘောတူညီချက်သည် အနာဂတ်တွင် အတားအဆီးများစွာနှင့် ရင်ဆိုင်ရနိုင်ခြေ ရှိနေသေးသည်။
Telegram»…
https://t.me/positiveanglenews
#PAN