အမေရိကန်-အစ္စရေးနှင့် အီရန်စစ်ပွဲကို အဆုံးသတ်မည့် ၁၄ ချက်ပါ လျှို့ဝှက်အပစ်ရပ်စဲရေး နားလည်မှုစာချွန်လွှာမူကြမ်း အမေရိကန် ထုတ်ဖော်

(နိုင်ငံတကာ) ဇွန် ၁၈

     ​​အမေရိကန်-အစ္စရေး မဟာမိတ်အဖွဲ့နှင့် အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေသည့် စစ်ပွဲကို အပြီးတိုင်အဆုံးသတ်မည့် ၁၄ ချက်ပါဝင်သော နားလည်မှုစာချွန်လွှာ (MOU) မူကြမ်းကို အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိတစ်ဦးက သတင်းထောက်များနှင့် ပြုလုပ်သည့် ဖုန်းဖြင့်ရှင်းလင်းပွဲတွင် ထုတ်ဖော်ဖတ်ကြားခဲ့သည်။

      ယခုထုတ်ဖော်ချက်သည် လာမည့်သောကြာနေ့တွင် နှစ်ဦးနှစ် ဖက် အခမ်းအနားဖြင့် လက်မှတ်ရေးထိုးရန် စီစဉ်ထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့် ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ်ပ် အစိုးရအဖွဲ့ထံမှ ထွက်ပေါ်လာသည့် အရှင်းလင်းဆုံးသော အချက်အလက်များ ဖြစ်သည်။

     လက်ရှိအချိန်အထိ အမေရိကန်နှင့် အီရန်အစိုးရတို့သည် ယင်းသဘောတူညီချက်၏ စာရွက်စာတမ်းမူရင်းကို လူသိရှင် ကြား ထုတ်ပြန်ခြင်းမရှိသေးသလို၊ အီရန်အရာရှိများဘက်ကလည်း အမေရိကန်က ထုတ်ဖော်ပြောဆိုသည့် စာသားများကို တရားဝင် အတည်ပြုပေးခြင်း မရှိသေးပေ။

     အမေရိကန်အရာရှိ၏ အဆိုအရ အဆိုပါ ကနဦးသဘောတူညီချက်ကို နှစ်နိုင်ငံစလုံးက အီလက်ထရွန်နစ်စနစ်ဖြင့် လက်မှတ်ရေးထိုးပြီးဖြစ်သော်လည်း သောကြာနေ့ တရားဝင်လက်မှတ်ရေးထိုးပွဲ မတိုင်မီအထိ နှစ်ဖက်စလုံး သဘောတူညီချက်မှ နုတ်ထွက်ပိုင်ခွင့် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

     ထုတ်ဖော်ချက်အရ အဆိုပါ နားလည်မှုစာချွန်လွှာသည် လေဘနွန်အပါအဝင် စစ်မျက်နှာအားလုံးရှိ တိုက်ပွဲများကို ချက်ချင်းနှင့် အပြီးတိုင် ရပ်စဲစေမည်ဖြစ်ကာ၊ အမေရိကန်က ၎င်း၏ ရေ တပ်ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးပြီး အီရန်ကလည်း ဟော်မုဇ်ရေလက်ကြားကို ကုန်သွယ်ရေးရေယာဉ်များအတွက် ရက်ပေါင်း ၆၀ မျှ အခမဲ့ ပြန်လည်ဖွင့်လှစ်ပေးမည် ဖြစ်သည်။

      ထို့ပြင် သဘောတူညီချက် လက်မှတ်ရေး ထိုးပြီးပါက နှစ်ဖက်စလုံးသည် နောက်ဆုံးသဘောတူညီချက်စာချုပ် ရရှိရေးအတွက် ရက်ပေါင်း ၆၀ အတွင်း အဓိကအချက်များကို ဆက် လက်ညှိနှိုင်းရမည်ဖြစ်သည်။

အပစ်ရပ်စာချွန်လွှာ၏ ထိပ်တန်းအနှစ်ချုပ်အချက်များမှာ –


• ​စစ်ဆင်ရေးများ အပြီးတိုင်ရပ်စဲရေးနှင့် အချုပ်အခြာအာဏာ လေးစားရေး: လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံးတွင် တိုက်ပွဲများ ချက်ချင်းရပ်ရန်နှင့် တစ်ဦးနှင့်တစ်ဦး အင်အားသုံး ခြိမ်းခြောက်ခြင်း မပြုရန်။
• ​ပိတ်ဆို့မှုများ ရုပ်သိမ်းရေးနှင့် ရေနံတင်ပို့ခွင့်: အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အီရန်၏ ရေနံစိမ်းနှင့် စွမ်းအင်ကဏ္ဍအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများကို ချက်ချင်း ယာယီကင်း လွတ်ခွင့် (Waivers) ပြုလုပ်ပေးရန်နှင့် ကုလသမဂ္ဂအပါအဝင် အမေရိကန်၏ ပိတ်ဆို့မှုအားလုံးကို အချိန်ဇယားအတိုင်း အပြီး တိုင် ရုပ်သိမ်းပေးရန်။
• ​အီရန်ပိုင်ဆိုင်မှုများ ပြန်လွှတ်ပေးရေးနှင့် ပြန်လည်ထူထောင်ရေး: အမေရိကန်တွင် ပိတ်ဆို့ထိန်းချုပ်ခံထားရသည့် အီရန်ဗဟိုဘဏ်၏ ရန်ပုံငွေများနှင့် ပိုင်ဆိုင်မှုများကို ပြန်လည်လွှတ်ပေးရန်အပြင်၊ အီရန်နိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်က ကျောထောက်နောက်ခံပြုမည့် ဒေါ်လာဘီလီယံ ၃၀၀ တန်ဖိုးရှိ စီးပွားရေးစီမံကိန်းကို ဒေသတွင်းမိတ်ဖက်များနှင့်အတူ ဖော်ဆောင်ရန်။
• ​နျူကလီးယားကိစ္စ ဖြေရှင်းရေး: အီရန်အနေဖြင့် နျူကလီး ယားလက်နက် ထုတ်လုပ်မည်မဟုတ်ကြောင်း ထပ်လောင်းကတိပြုပြီး၊ သိုလှောင်ထားသည့် သန့်စင်ပြီး နျူကလီးယားပစ္စည်းများကို IAEA ၏ ကြီးကြပ်မှုအောက်တွင် အဆိုပါနေရာ၌ပင် သန့်စင်မှုအဆင့်လျှော့ချရန် (Down-blending)။
• ​ကုလသမဂ္ဂမှ အတည်ပြုပေးရေး: အဆိုပါ ရက် ၆၀ ဆွေးနွေးပွဲများမှ ထွက်ပေါ်လာမည့် နောက်ဆုံး သဘောတူညီချက်စာချုပ်ကို စည်းနှောင်မှုရှိသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) ဆုံး ဖြတ်ချက်ဖြင့် အတည်ပြုချက် ရယူပေးရန်။

     လက်ရှိတွင် နှစ်ဦးနှစ်ဖက်စလုံးသည် စစ်ရေးအခြေအနေနှင့် နျူကလီးယားအစီအစဉ်များကို လက်ရှိအတိုင်း ထိန်း သိမ်းထားသည့် Status Quo အခြေအနေကို ဆက်လက်ထိန်းသိမ်းထားရန် သဘောတူညီထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN