တာချီလိတ်တွင် ဘိန်းစိမ်း ၅ ကီလိုနီးပါး ဖမ်းဆီးရမိ

(မှုခင်း) ဇွန် ၁၅

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် မယ်ဆိုင်နယ်စပ်အကောက်ခွန်စခန်း၌ တာချီလိတ်ဘက်မှ တင်ပို့လာသည့် ကုန်ပစ္စည်းသေတ္တာတစ်လုံးအတွင်း ဝှက်ထားသည့် ဘိန်းစိမ်း ၁၀ တုံး၊ စုစုပေါင်းအလေးချိန် ၄ ဒသမ ၉၂ ကီလိုဂရမ်ခန့်ကို ဇွန် ၁၃ ရက် နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မယ်ဆိုင်အကောက်ခွန်ဌာန၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များ ပူးပေါင်းစစ်ဆေးနေစဉ် တာချီလိတ်မြို့ဘက်မှ ဝင်ရောက်လာသည့် ရှမ်းပြည်နယ်လိုင်စင်တပ်ဆင်ထားသော ကုန်တင်ယာဉ်တစ်စီးပေါ်ရှိ သံသယဖြစ်ဖွယ် ကုန်ပစ္စည်းသေတ္တာအား စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သေတ္တာအတွင်း ဘိန်းစိမ်း ၁၀ တုံးကို အစားအစာခြောက်ထုပ်များဖြင့် ဖုံးကွယ်ထည့်သွင်းထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ယာဉ်မောင်းမှာ အသက် ၄၄ နှစ်အရွယ် မြန်မာနိုင်ငံသား ရှမ်းတိုင်းရင်း သားတစ်ဦးဖြစ်ပြီး အဆိုပါပစ္စည်းများကို တာချီလိတ်မြို့ရှိ လူတစ်ဦးထံမှ အပ်နှံပို့ဆောင်ပေးရန် လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သံသယရှိသူအား အကောက်ခွန်လုပ်ထုံးလုပ်နည်းမလိုက်နာဘဲ မူးယစ်ဆေးဝါးများကို ထိုင်းနိုင်ငံအတွင်း တင်သွင်းမှုတို့ဖြင့် အရေးယူဆောင်ရွက်ရန် မယ်ဆိုင်ရဲစခန်းသို့ လွှဲပြောင်းထားကြောင်း သိရသည်။

#PAN