
(ပြည်တွင်း)ဇွန် ၁၄
ပြည်တွင်းစက်သုံးဆီစျေးကွက်အတွင်း စက်သုံးဆီရည်ညွှန်းစျေးနှုန်းများသည် ယခုတစ်ပတ် (ဇွန်လ ၁၈ ရက်နေ့အထိ) တွင် သိသိသာသာ ဆက်လက်ကျဆင်းလာခဲ့ရာ အခြေခံစက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာလျှင် အနည်းဆုံး ၂၂၀ ကျပ်မှ အများဆုံး ၄၇၀ ကျပ်အထိ စျေးနှုန်းလျော့ကျသွားကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခုရက်သတ္တပတ်အတွက် ထုတ်ပြန်လိုက်သည့် စက်သုံးဆီ ရည်ညွှန်းစျေးနှုန်းများမှာ အောက်တိန်း ၉၂ တစ်လီတာလျှင် ၃,၈၈၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၃,၉၁၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၃,၉၉၅ ကျပ်နှင့် ပရီမီ ယံဒီဇယ်တစ်လီတာလျှင် ၄,၈၀၀ ကျပ်တို့ ဖြစ်သည်။
ပြီးခဲ့သည့်အပတ် (ဇွန်လ ၁၁ ရက်အထိ)က သတ်မှတ်ခဲ့သည့် ရည်ညွှန်းစျေးနှုန်းများဖြစ်သော အောက်တိန်း ၉၂ (၄,၃၄၅ ကျပ်)၊ အောက်တိန်း ၉၅ (၄,၃۸၅ ကျပ်)၊ ဒီဇယ် (၄,၂၂၀ ကျပ်) နှင့် ပရီမီယံဒီဇယ် (၅,၁၁၅ ကျပ်) တို့နှင့် နှိုင်းယှဉ်ပါက စျေးနှုန်းများ သိသိသာသာ လျော့ကျသွားခြင်း ဖြစ်သည်။
အရှေ့တောင်အာရှ သန့်စင်ပြီးဆီစျေးကွက်၏ အခြေခံညွှန်းကိန်းဖြစ်သော စင်ကာပူရေနံစျေးနှုန်း (MOPS) အပြောင်းအလဲသည် ပြည်တွင်းစျေးနှုန်းအပေါ် တိုက်ရိုက်သက်ရောက်မှုရှိနေပြီး၊ လက်ရှိတွင် ဈေးကွက်အတွင်း စျေးနှုန်းတည်ငြိမ်မှုနှင့် ဆီလုံလောက်မှုရှိစေရန် ကြီးကြပ်ရေးကော်မတီက စနစ်တကျ ထိန်းကျောင်းပေးလျက်ရှိသည်။
ထို့ပြင် ပြည်သူများ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကလည်း စက်သုံးဆီတင်သွင်းသည့် ကဏ္ဍသို့ နိုင်ငံခြားငွေ (ဒေါ်လာ) များကို ဆက် တိုက်ပံ့ပိုးကူညီ ဖြည့်ဆည်းပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ပြည်တွင်းသုံးစွဲမှုအတွက် စက်သုံးဆီ ၉၀ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရပြီး ၁၀ ရာခိုင်နှုန်းကိုသာ ပြည်တွင်း၌ ထုတ်လုပ်နိုင်သဖြင့် ကမ္ဘာ့ရေနံစျေးကွက်နှင့် များစွာ ဆက်စပ်နေသည်။ ရေနံထွက်ပစ္စည်းကြီး ကြပ်စစ်ဆေးရေးဦးစီးဌာနအနေဖြင့် စားသုံးသူများ နစ်နာမှုမရှိစေရန် နေ့စဉ် လက်ကားရည်ညွှန်းစျေးနှုန်းများကို ထုတ်ပြန်ပေးလျက်ရှိပြီး၊ သတ်မှတ်ရည်ညွှန်းစျေးထက် ပိုမိုရောင်းချသည့် စက်သုံးဆီဆိုင်များကို ၂၀၁၇ ခုနှစ် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဟု သတိ ပေးထားသည်။
ကော်မတီ၏ ထုတ်ပြန်ချက်အရ မလေးရှားနိုင်ငံကဲ့သို့ အစိုးရက စက်သုံးဆီကဏ္ဍကို စိုက်ထုတ်ထောက်ပံ့ပေးထားသဖြင့် စျေးနှုန်း ၆၀ ရာခိုင်နှုန်းခန့် ပိုမိုသက်သာသည့် နိုင်ငံများရှိသကဲ့သို့၊ အချို့နိုင်ငံများမှာမူ မြန်မာနိုင်ငံထက် အခွန်ပိုမိုကောက်ခံပြီး စျေးနှုန်းမြှင့်တင်ထားကြသဖြင့် နိုင်ငံအလိုက် မူဝါဒချင်း ကွဲပြားကြောင်း ဖော်ပြထားသည်။
Telegram»…
https://t.me/positiveanglenews
#PAN