(မှုခင်း) ဇွန် ၁၂
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ ဂေါက်ကွင်းအတွင်း ရေကန်၌ လူတစ်ဦး ရေနစ်နေကြောင်း ၁၁-၆-၂၀၂၆ ရက်နေ့ ညနေ ၅ နာရီ ၅၅ မိနစ်အချိန်တွင် သတင်းရရှိခဲ့သဖြင့် သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် မြဝတီခရိုင်မီးသတ်စခန်း မှ အုပ်ချုပ်မှုယာဉ်တစ်စီး၊ YAMAHA စက်လှေတစ်စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်ကူညီဆောင်ရွက်ခဲ့သည်။ထို့အပြင် Myanmar Rescue အဖွဲ့မှလည်း YAMAHA စက်လှေတစ်စီးနှင့် အဖွဲ့ဝင်များ၊ မွန်မြတ်ဖြူစင် နာရေးကူညီမှုအသင်း မှ စက်လှေတစ်စီးနှင့် အသင်းသားများ၊ Z Rescue လူမှုကူညီရေးအသင်း မှလည်း အသင်းသားများ ပါဝင်ကာ ပူးပေါင်းရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှာဖွေမှုများကို ဆက်လက်လုပ်ဆောင်ရာ ၁၂-၆-၂၀၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် ရေနစ်ပျောက်ဆုံးနေသူ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါရုပ်အလောင်းအား Z Rescue လူမှုကူညီရေးအသင်း ၏ သူနာတင်ယာဉ်ဖြင့် မြဝတီခရိုင်ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် အချိန်နှင့်တပြေးညီ ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း ရေနစ်သူအား အသက်မကယ်နိုင်ခဲ့ဘဲ သေဆုံးလျက်သာ တွေ့ရှိခဲ့ရကြောင်း သတင်းရရှိသည်။

#PAN