နိုင်ငံခြားငွေဈေးကွက် တည် ငြိမ်ရေးအတွက် စားသုံးဆီနှင့် CMP လုပ်ငန်းများသို့ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၆ သန်းကျော် ထပ်မံရောင်းချပေး

(ပြည်တွင်း)ဇွန် ၁၂

     ​မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) သည် နိုင်ငံခြားငွေ လဲ လှယ်မှုဈေးကွက် မတည်ငြိမ်မှုနှင့် ငွေကြေးတန်ဖိုးကျဆင်းမှုကို ထိန်းချုပ်ရန်အတွက် ဇွန်လ ၁၁ ရက်နေ့တွင် ပြည်တွင်းရှိ စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများနှင့် CMP(Cut, Make, and Pack) လုပ်ငန်းကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၆ သန်းကျော် (၁,၄၁၆,၆၀၀ ကျော်) ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။

     ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ ဇွန်လ ၁၁ ရက်တွင် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၈ သန်းကျော် (USD 1.38 Million) နှင့် CMP ကုမ္ပဏီများသို့ ဒေါ်လာ ၃၆,၆၀၀ ကျော် (USD 36,600) အသီးသီး ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

     ဗဟိုဘဏ်သည် ပြည်တွင်းကုန်ဈေးနှုန်းကြီးမြင့်မှုကို အဓိကသက်ရောက်စေသည့် စားသုံးဆီကဏ္ဍအတွက် ဇွန်လဆန်းပိုင်းရက်များတွင် ဒေါ်လာများကို နေ့စဉ်ရက်ဆက် ပံ့ပိုးပေးလျက်ရှိရာ ဇွန်လ ၁ ရက်မှ ၉ ရက်နေ့အထိ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၄ သန်းကျော်အထိ ထည့်သွင်းရောင်းချပေးခဲ့ပြီး ဖြစ်သည်။

     ထို့အပြင် ဇွန်လအစောပိုင်းရက်များအတွင်း CMP လုပ် ငန်းများ၊ LNG (သဘာဝဓာတ်ငွေ့ရည်) တင်သွင်းမှုလုပ်ငန်းများနှင့် ကုန်သွယ်မှုမဟုတ်သော လုပ် ငန်းဆောင်ရွက်မှု (Non-trade transaction) များအတွက်လည်း လိုအပ်သည့် နိုင်ငံခြားငွေများကို ဗဟိုဘဏ်က ဈေးကွက်အတွင်း အလှည့်ကျ ထုတ်ရောင်းပေးခဲ့သည်။

     ဗဟိုဘဏ်သည် ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ဒေါ်လာ ၄၃ သန်းကျော်၊ ထိုင်းဘတ် ၆၅ သန်း၊ တရုတ်ယွမ် ၄ သန်းကျော်နှင့် ဖေဖော်ဝါရီလတွင် ဒေါ်လာ ၃၅ သန်းကျော်၊ ထိုင်းဘတ် ၃၄ သန်း၊ တရုတ်ယွမ် ၃ သန်းကျော်အပြင် ပြီးခဲ့သည့် မေလအတွင်းကလည်း အမေရိကန်ဒေါ်လာ ၅၁ သန်းကျော်နှင့် ထိုင်းဘတ်ငွေ ၁ ဒသမ ၂ သန်းအထိ နိုင်ငံခြားငွေလဲလှယ်မှုဈေးကွက်အတွင်းသို့ အဆက် မပြတ် ထည့်သွင်းပေးခဲ့ကြောင်း သိရသည်။

     ယခုကဲ့သို့ သွင်းကုန်ကဏ္ဍနှင့် ဈေးကွက်အတွင်းသို့ နိုင်ငံခြား ငွေများ အလုံးအရင်းဖြင့် ထည့်သွင်းပေးခြင်းမှာ ကာလတိုအတွင်း ငွေလဲနှုန်းမတည်ငြိမ်မှုများကို လျှော့ချရန်ဖြစ်ပြီး၊ တစ် ဖက်တွင်လည်း ငွေကြေးဈေးကွက်အတွင်း မသမာသောနည်းလမ်းဖြင့် စျေးကစားရန် ကြိုးပမ်းသူများကို တည်ဆဲဥပဒေများအတိုင်း ထိရောက်စွာ အရေးယူနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးအေဂျင်စီများနှင့် ပူး ပေါင်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

     ဒေသတွင်း ပုဂ္ဂလိကဘဏ်များ (Authorized Dealers) အနေဖြင့်လည်း Supply နှင့် Demand အပေါ် မူတည်ကာ စျေးကွက်ပေါက်စျေးအတိုင်း အွန်လိုင်းနိုင်ငံ ခြားငွေလဲလှယ်မှုစနစ် (Online Foreign Exchange Trading)တွင် လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN