
(ပြည်တွင်း) ဇွန် ၁၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကလေးများရန်ပုံ ငွေအဖွဲ့ (UNICEF) ၏ ဌာနေကိုယ်စားလှယ် Mr Yasumasa Kimura အား နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ့ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲတွင် နှစ်ဖက်စလုံးသည် အခြေခံပညာကဏ္ဍ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးနှင့် ရှေ့လုပ်ငန်းစဉ် ဦးစား ပေးအစီအစဉ်များ ဖော်ဆောင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ အထူးသဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းအုပ်ကြီးများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မည့် ကျောင်းစီမံခန့်ခွဲမှုသင်တန်းများ၊ အင်္ဂလိပ်စာသင်ကြားမှု အစီအစဉ်များနှင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေး (ECCD) သင်တန်းများအတွက် ယူနီဆက်ဘက်က ပံ့ပိုးကူညီပေးမည့် အခြေအနေများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အရှေ့တောင်အာရှ မူလတန်းသင်ယူမှုစံနှုန်းများ (SEA-PLM) အစီအစဉ်မှတစ်ဆင့် ဒေသတွင်းနိုင်ငံများ၏ ပညာရေးစနစ်များကို နှိုင်းယှဉ်လေ့လာရန်၊ စာတတ်မြောက်မှုနှုန်းနှင့် ကျား-မ ကွာဟမှုဆိုင်ရာ သုတေသနလုပ်ငန်းများတွင် ဆက်လက်ပူးပေါင်းရန် ဆွေးနွေးခဲ့ကြသည်။
အရေးကြီးသည့် အချက်တစ်ခုအနေဖြင့် ကျောင်းပြင်ပရောက်နေသည့် ကလေးငယ်များအတွက် ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရေး၊ ၎င်းတို့၏ အရည်အချင်းစစ် အသိအမှတ်ပြုခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ကျောင်းများ သည် ကလေးသူငယ်များအားလုံးအတွက် ဘေးကင်းလုံခြုံပြီး စိတ်အေးချမ်းသာစွာ သင်ယူနိုင်မည့် ပတ်ဝန်းကျင်ကောင်းများ ဖြစ် လာစေရေးအတွက် ဆောင်ရွက်မည့် အစီ အမံများကိုပါ ထည့် သွင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ အတူတကွ တက်ရောက်ခဲ့ကြသည်။
Telegram»…
https://t.me/positiveanglenews
#PAN