ဒီမိုကရက်များနှင့် အခြေအတင်ဖြစ်ပွားပြီးနောက် ဒေါ်လာ ၇၀ ဘီလီယံတန် လူဝင်မှုကြီးကြပ်ရေး ရန်ပုံငွေဥပဒေကြမ်းကို ထရန့် လက်မှတ်ရေးထိုး

(နိုင်ငံတကာ) ဇွန် ၁၁

     အမေရိကန်နိုင်ငံသားနှစ်ဦး အမှားအယွင်း ပစ်သတ်ခံရမှုနှင့်ပတ်သက်၍ ဒီမိုကရက်များနှင့် လအတော်ကြာ နိုင်ငံရေးအရ အခြေအတင်ဖြစ်ပွားနေမှုကို အဆုံးသတ်ကာ သမ္မတ ဒေါ်နယ်ထရန့်သည် ဒေါ်လာ ၇၀ ဘီလီယံ တန်ဖိုးရှိ လူဝင်မှု ကြီးကြပ်ရေးဥပဒေစိုးမိုးရေး ရန်ပုံငွေဥပဒေကြမ်းကို ဗုဒ္ဓဟူးနေ့တွင် ဥပဒေအဖြစ် လက်မှတ်ရေးထိုးလိုက်သည်။

     ယခုဘတ်ဂျက်သည် ထရန့်၏ သမ္မတသက်တမ်း လက်ကျန်ကာလအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) နှင့် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးအဖွဲ့ (CBP) တို့ကို ငွေကြေးပံ့ပိုးပေးမည်ဖြစ်ပြီး၊ ပြီးခဲ့သည့်ဇူလိုင်လက ရရှိထားသည့် ဒေါ်လာ ၁၄၀ ဘီလီယံအပြင် ထပ်မံတိုးပွားလာခြင်းဖြစ်သည်။

     အိမ်ဖြူတော်အလွတ်သဘောရုံးခန်း(Oval Office)၌ ပြုလုပ်သည့် လက်မှတ်ရေးထိုးပွဲတွင် သမ္မတထရန့်က ပြည်တွင်းလုံခြုံ ရေးဝန်ကြီးဌာန(DHS)၏ ဘတ်ဂျက်ကို ပိတ်ဆို့ရန် ကြိုးပမ်းခဲ့သည့် ဒီမိုကရက်များအား ပြင်းပြင်း ထန်ထန် ပြစ်တင်ဝေဖန်ခဲ့သည်။

     “ဒီမိုကရက်တွေဟာ အမေရိကန်ရဲ့ နယ်စပ်တွေကို ဖွင့်ဟပေးဖို့ ယုတ်ညံ့တဲ့ ကြိုးပမ်းမှုအဖြစ် ရန်ပုံငွေတွေကို ပိတ်ဆို့ခဲ့တာပါ။ သူတို့က ကျွန်တော်တို့ကို ပရမ်းပတာဖြစ်မှုနဲ့ ရာဇဝတ်မှုတွေဆီ ပြန်ဆွဲခေါ်သွားချင်နေတာ” ဟု ထရန့်က စွပ်စွဲခဲ့သည်။

     အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမည့် ကတိပြုချက်ဖြင့် တက်လာသည့် ထရန့်အစိုးရသည် လက်ရှိတွင် ရာဇဝတ်မှတ် တမ်းမရှိသူများကိုပါ ပိုက်စိပ်တိုက် ဖမ်းဆီးမှုများ တိုးမြှင့်လုပ် ဆောင်လာခဲ့ရာ ၎င်း၏ဒုတိယသက်တမ်း ပထမ ၉ လအတွင်း လမ်းပေါ်တွင် ဖမ်းဆီးမှုနှုန်းမှာ ယခင်သမ္မတ ဂျိုးဘိုင်ဒင် သက် တမ်းနောက်ဆုံးလများနှင့် နှိုင်း ယှဉ်ပါက ၁၁ ဆအထိ မြင့်တက်လာကြောင်း တက်ကြွလှုပ်ရှားသူအဖွဲ့များက ထောက်ပြကြသည်။

     ကနဦးတွင် ဒီမိုကရက်များသည် ယခုရန်ပုံငွေကို ထောက်ခံခဲ့သော်လည်း၊ ဇန်နဝါရီလအတွင်းက မင်နီဆိုတာပြည်နယ်တွင် ပြုလုပ်သည့် လူဝင်မှုကြီးကြပ်ရေးစစ်ဆင် ရေး (Operation Metro Surge)အတွင်း အမေရိကန်နိုင်ငံသားနှစ်ဦးဖြစ်သည့် ရီနေးဂွတ်ဒ်နှင့် အဲလက်စ်ပရက်ထီတို့ သေနတ်ဖြင့် အမှားအယွင်း ပစ်သတ်ခံရပြီးနောက် လမ်းကြောင်းပြောင်းလဲခဲ့သည်။

     အရာရှိများ၏ အပြုအမူကို ထိန်းချုပ်မည့် စည်းမျဉ်းများမပါလျှင် ရန်ပုံငွေကို ကန့်ကွက်မည်ဟု ဒီမိုကရက်များက တင်းခံခဲ့ခြင်းကြောင့် ဝန်ကြီးဌာနအောက်ရှိ မရှိမဖြစ်မဟုတ်သော လုပ် ငန်းများကို ၇၆ ရက်ကြာ ပိတ်ထားခဲ့ရပြီး လေဆိပ်လုံခြုံရေး (TSA) တွင် ဝန်ထမ်းအခက်အခဲများ ကြုံတွေ့ခဲ့ရသည်။

     နောက်ဆုံးတွင် ရီပတ်ဘလီကန်များသည် ICE နှင့် CBP အတွက် ရန်ပုံငွေကို သီးသန့်ခွဲထုတ်ကာ အထက်လွှတ်တော်တွင် အစဉ်အလာအရ လိုအပ်သော ထောက်ခံမဲ ၆၀ အစား ရိုးရှင်းသော အများစုမဲ (Simple Majority) ဖြင့် အတည် ပြုနိုင်မည့် “ဘတ်ဂျက်ပြန်လည်ညှိနှိုင်းရေး” နည်းလမ်းကို အသုံးပြု၍ ဥပဒေကြမ်းကို အနိုင်ကပ်အတည်ပြုခဲ့ခြင်း ဖြစ်သည်။

     နယူးယောက်လူဝင်မှုကြီးကြပ်ရေးညွန့်ပေါင်းအဖွဲ့ (NYIC) အပါအဝင် လူ့အခွင့်အရေးအဖွဲ့များကမူ ယခုဘတ် ဂျက်သည် ရွှေ့ပြောင်းနေထိုင်သူများကို အပြစ်ပုံချ၍ ပစ် မှတ်ထားခြင်းဖြစ်ပြီး လူမှုအသိုက်အဝန်းများကို မတည်မငြိမ်ဖြစ်စေကာ မိသားစုများကို ကွဲကွာစေလိမ့်မည်ဟု ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ် ချထားကြသည်။

Telegram»…
https://t.me/positiveanglenews

#PAN