အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ တရားဝင်ခရီးစဉ်ရောက်ရှိ၊ နှစ်နိုင်ငံ ဆက်ဆံရေးကဏ္ဍသစ် ဖွင့်လှစ်နိုင်ရေး ဆွေးနွေး

(ပြည်တွင်း)ဇွန် ၉

     မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးတင်မောင်ဆွေ၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှားနိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ဆူဂီအိုနို (Sugiono) နှင့် ဇနီး ဦးဆောင်သော အင်ဒိုနီးရှားကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်တွင် နေပြည်တော်သို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိလာပြီး နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

     မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ဆိုက် ရောက်လာသည့် အင်ဒိုနီးရှားကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုခဲ့ကြပြီး ယင်းနေ့မွန်းလွဲပိုင်းမှာပင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ နှစ်နိုင်ငံ ဝန် ကြီးများအကြား လက်ခံတွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့သည်။



     အဆိုပါဆွေးနွေးပွဲတွင် မြန်မာနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ကာလရှည်ကြာစွာ တည်ရှိခဲ့သည့် အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ သံတမန်ဆက်ဆံရေးအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးတွင် ကဏ္ဍသစ်တစ် ရပ် ဖွင့်လှစ်နိုင်ရေး၊ အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာ စာတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံအကျိုး ဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ရင်းနှီးပွင့် လင်းစွာ ဆွေးနွေးခဲ့ကြသည်။

     ဆွေးနွေးပွဲအတွင်း ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံ ရေးဖြစ်ပေါ်တိုးတက်မှုများအပေါ် အင်ဒိုနီးရှား၏ အပြု သဘောဆောင် ကြိုဆိုမှုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံတွင် တာဝန်သိအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပြီး မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် “မြန်မာဦးဆောင်သော မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်” ဖြင့် ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံမှ ပညာသင်ဆုများ ဆက်လက်ပံ့ပိုးပေးစေလိုကြောင်း ပြောကြားခဲ့သည်။



     အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူဂီအိုနိုကလည်း မြန်မာနိုင်ငံနှင့် ရှိရင်းစွဲဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရွေး ကောက်ပွဲမှတစ်ဆင့် အစိုးရသစ်တစ်ရပ် ထွက်ပေါ်လာခြင်းနှင့်အတူ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေး ကြိုးပမ်းမှုများကို အသိ အမှတ်ပြုကြောင်း ပြောကြားခဲ့သည်။

     ထို့ပြင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အား မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် အကောင်အထည်ဖော်နေခြင်းကို အသိအမှတ်ပြုပြီး မြန်မာနိုင်ငံကို အာဆီယံလှုပ်ရှားမှုများတွင် ဆက်လက်ပါဝင်စေလိုကြောင်း၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သည့် လူ့အဖွဲ့အစည်း၏ စိန်ခေါ်မှုများကို နားလည်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပြင် စီးပွားရေး၊ ပညာရေး၊ ကျန်း မာရေးနှင့် လူသားချင်းစာနာမှုကဏ္ဍများတွင် ပူးပေါင်းဆောင် ရွက်မှု မြှင့်တင်လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

     ထို့ပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အင်ဒိုနီးရှား နိုင်ငံခြားရေးဝန် ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ကြောင်း သိရပါသည်။

Telegram»…
https://t.me/positiveanglenews

#PAN