အပစ်ရပ်သဘောတူညီချက်မရမီ အီရန်၏ အေးခဲရန်ပုံငွေများ လွှဲပြောင်းပေးမည်မဟုတ်ဟု ထရမ့် ပြော၊ အီရန် ဘက်က ဆွေးနွေးပွဲများ လိပ်ခဲတည်းလည်းဖြစ်နေဟုဆို

(နိုင်ငံတကာ) ဇွန် ၈

     အမေရိကန်နှင့် အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲကို တရားဝင်အဆုံးသတ်ရန် ရေရှည်တည်တံ့မည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ခုသို့ မရောက်ရှိမချင်း၊ အီရန် ၏ အေးခဲထားသော ရန်ပုံငွေ ဒေါ်လာဘီလီယံပေါင်းများစွာကို ပြန်လည်လွှဲပြောင်းပေးမည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြတ်ပြတ်သားသား ပြောကြားလိုက်သည်။

     တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့သည့် NBC News ၏ “Meet the Press” အစီအစဉ်နှင့် အင်တာဗျူးတွင် သမ္မတထရမ့်က ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး၊ အေးခဲရန်ပုံငွေများနှင့် ပတ်သက်၍ အကျပ်အတည်းဖြစ်နေသည့်အပေါ် လျှော့ပေးရန် အလားအလာ မရှိသလောက် နည်းပါးကြောင်း ပြသခဲ့သည်။

     ထရမ့်က အီရန်ပိုင်ဆိုင်မှုများကို ပြန်လည်လွှဲပြောင်းပေးမည့် မည်သည့်ကိစ္စမဆို သဘောတူညီချက် ရရှိပြီးမှသာ လာမည်ဖြစ် ကြောင်းနှင့် “သူတို့ဘက်က ကောင်းကောင်းမွန်မွန် ပြုမူဆောင် ရွက်မယ်၊ အလုပ်ကောင်းကောင်းလုပ်မယ်ဆိုရင် ကျွန်တော်တို့ စတင်ဆွေးနွေးမှာပါ” ဟု ဆိုသည်။ ထို့အပြင် ၎င်းက “ကျွန်တော်တို့ သဘောတူညီချက်တစ်ခုရဖို့ အလွန်နီးစပ်နေပါပြီ၊ ဒါမှမဟုတ်ရင်တော့ ကျွန်တော် သူတို့ကို အပြတ်အသတ် ချေမှုန်းပစ်မှာပါ” ဟု စစ်ရေးအရပါ ထပ်မံခြိမ်းခြောက်ခဲ့သည်။

     အီရန်အရာရှိများကမူ အမေရိကန်၏ ဆွေးနွေးညှိနှိုင်းမှုများအပေါ် ကျယ်ကျယ်ပြန့်ပြန့် မယုံကြည်မှုကို အကြောင်း ပြလျက်၊ မည်သည့်သဘောတူညီချက်မဆိုသည် အေးခဲထားသော ပိုင်ဆိုင်မှုများကို အနည်းဆုံး တစ်စိတ်တစ်ပိုင်း ပြန်လည်လွှဲပြောင်းပေးမှုအပေါ်တွင် မူတည်နေကြောင်း ပြောဆိုထားသည်။ လက်ရှိတွင် အီရန်သည် အပစ်ရပ်စာချုပ်အရ အေးခဲရန်ပုံငွေများထဲမှ ဒေါ်လာ ၁၂ ဘီလီယံနှင့် ၂၄ ဘီလီယံအကြားကို အဆင့် (၂) ဆင့်ဖြင့် ပြန်လည်ရရှိရန် တွန်းအားပေးနေပြီး၊ ယင်းကို “ယုံကြည်မှုအပေါ် စမ်းသပ်ချက်” ဟု ဖော်ပြထားသည်။

     အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ မိုဂျတာဘာ ခါမေနီ၏ စစ်ရေးအကြံပေးပုဂ္ဂိုလ် မိုဆန် ရေဇိုင်းက အမေရိကန်နှင့် ဆွေးနွေးပွဲများသည် လက်ရှိတွင် “လိပ်ခဲတံလဲ ဖြစ်နေ သည်” ဟု ပြောကြားခဲ့ပြီး အကျပ်အတည်းကို ကျော်လွှားရန် ထရမ့်အား တောင်းဆိုခဲ့သည်။

     ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့ကတည်းက တိုက်ပွဲများ သည် အများအားဖြင့် ရပ်တန့်နေသော်လည်း ဟော်မုဇ်ရေ လက်ကြား ထိန်းချုပ်မှု၊ အီရန်နျူကလီးယားအစီအစဉ်နှင့် လက်ရှိ အစ္စရေး ၏ လေဘနွန်အပေါ် တိုက်ခိုက်မှုများကြောင့် အပစ်ရပ်ဆွေးနွေးပွဲများ ပျက်ပြားရန် အစဉ် တစိုက် ခြိမ်းခြောက်လျက်ရှိသည်။

     အီရန်လွှတ်တော်ဥက္ကဋ္ဌ ဂါလီဘတ်ဖ်ကလည်း ဘေရွတ်မြို့တောင်ပိုင်းအပေါ် အစ္စရေး၏ တိုက်ခိုက်မှုများနှင့် အမေရိကန်ရေတပ်က အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားမှုများအပေါ် တုံ့ပြန်သည့်အနေဖြင့် အီရန်က ပြန်လည်လက်တုံ့ပြန်နိုင်ကြောင်း သတိပေးထားသည့်အတွက် အရှေ့အလယ်ပိုင်း တင်းမာမှုမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN