ယူကရိန်းရှိ ချာနိုဗိုင်းနျူကလီးယားစက်ရုံအနီးရှိ နေရာတစ်ခုအား ရုရှားဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့

(နိုင်ငံတကာ) ဇွန် ၈

     ရုရှားတပ်ဖွဲ့များသည် ယူကရိန်းနိုင်ငံရှိ ကမ္ဘာ့အဆိုးရွားဆုံး နျူကလီးယားဘေးအန္တရာယ် ဖြစ်ပွားခဲ့ရာ ချာနိုဗိုင်းစက်ရုံအနီးရှိ အသုံးပြုပြီးသား နျူကလီးယားလောင်စာများ သိုလှောင်ရုံနယ် မြေကို ပစ်မှတ်ထား၍ ဒရုန်းဖြင့် တိုက် ခိုက်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ထုတ်ပြန်ပြောကြားခဲ့သည်။

     တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုကြောင့် “နျူကလီးယားဒြပ်ပစ္စည်း အများအပြား” သိုလှောင်ထားသည့် နေရာနှင့် မီတာအနည်းငယ်သာ ကွာဝေးသော လောင်စာဆီလက်ခံရာ အဆောက်အအုံတစ်ခု ပြင်း ထန်စွာ ပျက်စီးသွားခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ အဏု မြူစွမ်းအင်အေဂျင်စီ (IAEA) က အတည်ပြုခဲ့သည်။

     သမ္မတ ဇလန်းစကီးက ရုရှားသည် ရှာဟက်(Shahed) တိုက် ခိုက်ရေးဒရုန်းကို အသုံးပြုကာ “အလွန်ယုတ်မာလှသည့် လုပ်ရပ်” ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့ပြီး၊ လတ် တလောတွင် ပုံမှန်ရှိနေကျ နောက်ခံဓာတ်ရောင် ခြည်အဆင့်ထက် ကျော်လွန်သည့် တိုင်းတာချက်မျိုး မရှိသေးသော်လည်း ရုရှား၏ ရဲတင်းမှုမှာ အတိုင်းအတာထက် ကျော်လွန်နေပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

     ယူကရိန်းနိုင်ငံတော်နျူကလီးယားအေဂျင်စီ (Energoatom)၏ ထုတ်ပြန်ချက်အရ တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် အဆိုပါအဆောက်အအုံအတွင်း အသုံးပြုပြီးသားလောင်စာများ သိုလှောင်ထားခြင်းမရှိဘဲ၊ တိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့သော မီးလောင်မှုကိုလည်း အချိန်မီငြှိမ်းသတ်နိုင်ခဲ့သဖြင့် ထိ ခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရုရှားဘက်က တစ်စုံ တစ်ရာ ထုတ်ပြန်ခြင်းမရှိသေးသော်လည်း IAEA အဖွဲ့ကမူ ထိခိုက်ပျက်စီးမှုများကို စစ်ဆေးရန် အဆိုပါနေရာသို့ မကြာမီ သွားရောက်မည်ဖြစ်သည်။

     ရုရှားသည် ညတွင်းချင်း ယူကရိန်းနိုင်ငံတစ်ဝန်းသို့ ဒရုန်းအစင်းရေ ၂၃၆ စီးဖြင့် အကြီးအကျယ် ပစ်မှတ်ထားတိုက် ခိုက်ခဲ့ရာ ယူကရိန်းလေတပ်က ၂၁၅ စီးကို ကြားဖြတ်ပစ်ချနိုင်ခဲ့သည်။ သို့သော်လည်း ဒရုန်းအချို့ ကျရောက်ပေါက်ကွဲမှုကြောင့် ယူကရိန်းတောင်ပိုင်း ဇာပိုရီရှားဒေသတွင် မီနီဘတ်စ်ကားမောင်းသူ အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အလယ်ပိုင်း ဒနီပရိုပက်ထရော့ဗ်စက်ဒေသတွင် အသက် ၅၉ နှစ်အရွယ် အမျိုး သားတစ်ဦးတို့ သေဆုံးခဲ့ပြီး၊ အခြားအရပ်သားတစ်ဦး ဒဏ်ရာရရှိကာ အခြေခံအဆောက်အအုံအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

     ရုရှား-ယူကရိန်း စစ်ပွဲ ၄ နှစ်တာကာလအတွင်း စစ်ရေးအရ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရချိန်တွင် မော်စကိုအပေါ် ဖိအားများ ပိုမိုတိုးမြှင့်ရန် ကမ္ဘာ့ခေါင်းဆောင်များ ယူနိုက်တက်ကင်းဒမ်း (UK) ၌ စုဝေးလျက်ရှိသည်။ သမ္မတ ဇလန်းစကီးသည် ရှေ့ဆက်ရမည့် စစ်ရေးမဟာဗျူဟာများကို ဆွေးနွေးရန် ပြင်သစ်၊ ဂျာမနီနှင့် ယူကေ (E3 အဖွဲ့) ခေါင်းဆောင်များနှင့် လန်ဒန်မြို့၌ တွေ့ဆုံသွားမည် ဖြစ် သည်။

     ဇလန်းစကီးက ရုရှားသမ္မတ ဗလာဒီမာ ပူတင်ထံ အိတ်ဖွင့်ပေးစာပေးပို့ကာ လူချင်းတွေ့ဆုံဆွေးနွေးရန်နှင့် “အလုံး စုံ အပစ်အခတ်ရပ်စဲရေး” လုပ်ဆောင်ရန် အဆိုပြုခဲ့သော် လည်း ပူတင်က လက်ရှိအချိန်တွင် တွေ့ဆုံရန် အကြောင်းမရှိဟုဆိုကာ ယင်းအဆိုပြုချက်ကို ပယ်ချခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN