
(နိုင်ငံတကာသတင်းဆောင်းပါး) ဇွန် ၈
အမေရိကန် ထောက်လှမ်းရေးနှင့် ကာကွယ်ရေး အရာရှိများကို ကိုးကား၍ မီဒီယာများက ဖော်ပြချက်အရ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည် အစ္စရေး၏ သူလျှိုလုပ်မှုဆိုင်ရာ ခြိမ်းခြောက်မှုအပေါ် ၎င်းတို့၏ ဆန်းစစ်ချက်ကို အမြင့်ဆုံးအဆင့်ဖြစ်သော “အရေးကြီး” (critical) အမျိုးအစားသို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် သောကြာနေ့က NBC News တွင် ပထမဆုံး ဖော် ပြခဲ့ပြီး The New York Times က ထပ်ဆင့်ဖော်ပြခဲ့သော အဆိုပါ ဆန်းစစ်ချက်သည် ဝါရှင်တန်အနေဖြင့် အီရန်နှင့် သံတမန်ရေးရာအရ ချဉ်းကပ်ဆောင်ရွက်နေချိန်တွင် ပေါ်ထွက်လာခြင်း ဖြစ်ပြီး၊ အမေရိကန်၏ မဟာမိတ်ဖြစ်သော အစ္စရေးကမူ တနင်္ဂနွေနေ့တွင် ရက်ပေါင်း ၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်သော စစ်ပွဲကို အဆုံးသတ်ရန် ရည်ရွယ်သည့် အဆိုပါ ဆွေးနွေးပွဲများကို ကန့်ကွက်နေသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့သည် စစ်ပွဲအပေါ် ချဉ်းကပ်ပုံချင်း အများပြည်သူရှေ့တွင် သဘောထားကွဲလွဲနေကြသည် – ဝါရှင်တန်သည် နိုင်ငံရေးအရ ဖိအားများကြားမှ စစ် ပွဲအတွင်းမှ ရုန်းထွက်လိုနေပြီး၊ အစ္စရေးကမူ အီရန်အစိုးရကို ဖြုတ်ချရန် တွန်း အားပေးနေဆဲ ဖြစ်သည်။
အစ္စရေးအနေဖြင့် ၎င်း၏ အနီးကပ်ဆုံး မဟာမိတ်နှင့် ထောက်ပံ့သူဖြစ်ပြီး ကျယ်ပြန့်သော လုံခြုံရေးနှင့် ထောက်လှမ်း ရေး ပူးပေါင်းဆောင်ရွက်မှုများကို အတူတကွ လုပ်ဆောင်နေသည့် အမေရိကန်အပေါ် သူလျှိုလုပ်သည်ဟု စွပ်စွဲခံရခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။
ပင်တဂွန်က ဘာပြောခဲ့သလဲ
NBC News နှင့် The New York Times (NYT) တို့က လက်ရှိနှင့် အငြိမ်းစား အမေရိကန်အရာရှိများကို ကိုးကားဖော်ပြချက်အရ ပင်တဂွန်၏ ကာကွယ်ရေးထောက် လှမ်းရေးအေဂျင်စီ (DIA) သည် အစ္စရေး၏ တန်ပြန် ထောက်လှမ်းရေး ခြိမ်း ခြောက်မှုအဆင့်ကို “မြင့်မား” (high)အဆင့်မှ ၎င်းတို့၏ ပြည် တွင်းဆန်းစစ်ချက်စနစ်တွင် အလေးအနက်ဆုံး သတ်မှတ်ချက်ဖြစ်သော “အရေး ကြီး” (critical) အဆင့်သို့ မကြာသေးမီက အဆင့်မြှင့်တင်ခဲ့သည်။
အဆိုပါ သတိပေးချက်သည် အမေရိကန် စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ အစိုးရအရာရှိများနှင့် မူဝါဒရေးရာ ဆွေး နွေးမှုများအပေါ် သတင်းအချက်အလက် စုဆောင်းရန် အစ္စရေးထောက် လှမ်းရေးအေဂျင်စီများက ကြိုးပမ်းမှုများကို တိုးမြှင့်လာခြင်းအပေါ် အခြေခံထားခြင်း ဖြစ်သည်။ ကမ္ဘာ့စွမ်းအင်စျေးနှုန်းများကို မြင့်တက်စေခဲ့သည့် စစ်ပွဲကို အဆုံးသတ်ရန် ရန်သူနှစ်ဦး (အမေရိကန်နှင့် အီရန်) က ဆက်လက်ညှိနှိုင်းနေစဉ်အတွင်း၊ ဝါရှင်တန်၏ အီရန်အပေါ် ချဉ်းကပ်မှု မူဝါဒကို ပုံဖော်ရာတွင် ပါဝင်ပတ်သက်နေသည့် အမေရိကန်အရာရှိများအပေါ် စိုးရိမ်ပူပန်မှုများ အာရုံစိုက်နေခြင်းဖြစ်ကြောင်း သတင်းများက ဆိုသည်။
“အီရန်နဲ့ ဆွေးနွေးပွဲတွေမှာ အမေရိကန်ရဲ့ သဘောထားရပ် တည်ချက်တွေကို သိရှိနိုင်ဖို့ အစ္စရေးရဲ့ ပြင်းထန်တဲ့ ကြိုးပမ်းမှုဟာ စည်းကျော်သွားခဲ့ပြီလို့ အမေရိကန်အရာရှိအချို့က ပြောပါတယ်” ဟု NYT က ဖော်ပြခဲ့သည်။
အဆိုပါ သတင်းဌာန၏ ဖော်ပြချက်အရ ထောက်လှမ်းရေး ဆန်းစစ်ချက်များတွင် မကြာသေးမီ ရက်သတ္တပတ်များအတွင်း အမေရိကန် စစ်ဘက်နှင့် အစိုးရပိုင်းမှ ထိပ်သီးပုဂ္ဂိုလ်များကို ပစ်မှတ်ထား၍ အစ္စရေး၏ စောင့်ကြည့်ထောက်လှမ်းမှု ကြိုးပမ်းမှုများ မြင့်တက်လာကြောင်း ထောက်ပြထားသည်။
၎င်းတို့အထဲတွင် ထရမ့်၏ စေတမန်နှင့် အဓိက ညှိနှိုင်းရေးမှူးဖြစ်သူ စတိဗ် ဝစ်ကော့ဖ် (Steve Witkoff)၊ ပင်တဂွန်၏ ထိပ်တန်းမူဝါဒရေးရာအရာရှိ အဲလ်ဘရစ်ခ်ျ အေ ကိုလ်ဘီ (Elbridge A Colby) နှင့် ၎င်း၏ လက်ထောက်တစ်ဦးဖြစ်သူ မိုက်ကယ် ပီ ဒီမီနို (Michael P DiMino IV) တို့ ပါဝင်ကြောင်း NYT က ဖော်ပြခဲ့သည်။
ဝစ်ကော့ဖ်သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အစ္စရေးနှင့် အမေရိကန်တို့က အီရန်ကို တိုက်ခိုက်မှု မစတင်မီက နျူကလီးယားဆွေးနွေးပွဲများတွင် အဓိက ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
ထို့အပြင် အစ္စရေးတွင် တာဝန်ထမ်းဆောင်နေသည့် အမေရိကန် ကာကွယ်ရေးဝန်ထမ်းများ၏ လက်ကိုင်ဖုန်းများအတွင်း ဆက်သွယ်မှုများကို ကြားဖြတ်နားထောင်ရန် ဆော့ဖ်ဝဲလ်များအား တိတ်တဆိတ် ထည့်သွင်းထားသည်ကို တွေ့ရှိခဲ့ရသည့် ဖြစ်စဉ်များကိုလည်း အဆိုပါ အစီရင်ခံစာများတွင် ရည်ညွှန်းထားကြောင်း NYT က ဖြည့်စွက်ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရအဖွဲ့က ဂါဇာဒေသတွင်း လူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်၍ အစ္စရေးအပေါ် ဖိအားများ တိုးမြှင့်လာချိန်ဖြစ်သော ၂၀၂၄ ခုနှစ်နှောင်းပိုင်းမှစ၍ အမေရိကန်အပေါ် အစ္စရေး၏ သူလျှိုလုပ်မှုများ သိသိသာ သာ မြင့်တက်လာကြောင်း DIA အစီရင်ခံ စာများတွင် တွေ့ရှိရသည်ဟု သတင်းစာက ဆိုသည်။
အဆိုပါ သူလျှိုလုပ်မှု တိုးမြှင့်လာခြင်းသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ထရမ့် ဒုတိယအကြိမ် သမ္မတအဖြစ် ရွေး ကောက်ခံရပြီး ၎င်း၏ အစိုးရအဖွဲ့၏ အီရန်အပေါ်ထားရှိမည့် မူဝါဒကို စတင်ပုံဖော်ချိန်တွင်လည်း ဆက်လက်ဖြစ် ပွားနေခဲ့သည်။
အစ္စရေး၏ လက်ဘနွန်အတွင်း တိုက်ခိုက်မှုများ ပြင်းထန်လာခြင်းကြောင့် အမေရိကန်သမ္မတက အစ္စရေးဝန်ကြီး ချုပ်ကို “ရူးနှမ်းနေတာပဲ” ဟု ဆဲဆိုပြောဆိုခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက်၊ လွန်ခဲ့သည့် သီတင်း ပတ်အတွင်း ထရမ့်နှင့် နေတန်ယာဟုအကြား တင်းမာမှုများမှာ လူသိရှင်ကြား ပေါ်ထွက်လာခဲ့သည်။ လက်ဘနွန်တွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူပေါင်း ၃,၅၀၀ ခန့် သေဆုံးခဲ့ရပြီး ဖြစ်သည်။
ထရမ့်က လေဘနွန်အပေါ် တိုက်ခိုက်မှုများကို ရပ်တန့်ရန် အစ္စရေးကို ဖိအားပေးနေသော်လည်း တောင်ပိုင်းတွင် ဗုံးကြဲမှုများ ဆက်လက်ဖြစ်ပွားနေခြင်းက ကိစ္စရပ်နှစ်ခုစလုံးသည် ခွဲ ခြား၍မရကြောင်း အခိုင်အမာဆိုထားသည့် အီရန်နှင့် ဖြစ်ပေါ် လာနိုင်ခြေရှိသော သဘောတူညီချက်ကို ထိခိုက်ပျက်ပြားစေလျက်ရှိသည်။
မိတ်ဖက်နိုင်ငံများအကြား သတင်းအချက်အလက် စု ဆောင်းခြင်းမှာ ထူးဆန်းသည့် အရာမဟုတ်သော်လည်း၊ မကြာသေးမီက အစ္စရေး၏ လှုပ်ရှားမှုများသည် ဝါရှင်တန်အနေဖြင့် မဟာမိတ်များအကြား ရိုးရာအရ လက်ခံနိုင်ဖွယ်ရှိသည်ဟု သတ် မှတ်ထားသောအဆင့်ထက် ကျော်လွန်သွားခဲ့ကြောင်း အမေရိကန်အရာရှိအချို့က ယုံကြည်နေကြသည်။
အစီရင်ခံစာများတွင် ကိုးကားထားသည့် အရာရှိများ၏ ပြောကြားချက်အရ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများ သည် အထူးသဖြင့် အီရန်နှင့် ပတ်သက်၍ အမေရိကန်၏ မူဝါဒရေးရာ ဆွေးနွေးမှုများနှင့် ညှိနှိုင်းမှုဆိုင်ရာ ရပ်တည်ချက်များကို အစ္စရေးက ပိုမိုနက်ရှိုင်းစွာ သိရှိနိုင်ရန် ကြိုးပမ်းနေခြင်းအပေါ် ပိုမိုစိုးရိမ်ပူပန်လာကြခြင်း ဖြစ် ကြောင်း သိရသည်။
အစ္စရေးနှင့် အမေရိကန်အစိုးရတို့၏ တုံ့ပြန်မှုမှာ အဘယ်နည်း။
အစ္စရေးနိုင်ငံက အဆိုပါ စွပ်စွဲချက်များကို ငြင်းဆိုထား သည်။
NBC သတင်းဌာန၏ ဖော်ပြချက်အရ ဝါရှင်တန်ရှိ အစ္စရေးသံရုံးက ၎င်းတို့နိုင်ငံအနေဖြင့် အမေရိကန်အစိုးရအရာရှိများ သို့မဟုတ် အမေရိကန်အဖွဲ့အစည်းများကို သူ လျှိုလုပ်သည်ဟူသော သတင်းမှာ “လုံးဝ မဟုတ်မမှန်ပါ” ဟု ပြောကြားခဲ့ကြောင်း သိရသည်။
“အစ္စရေးဟာ အမေရိကန်အဖွဲ့အစည်းတွေအပေါ် ထောက် လှမ်းရေးသတင်း စုဆောင်းတာမျိုး မလုပ်ပါဘူး၊ အမေရိကန်အစိုးရအရာရှိတွေကို ဆိုရင်တော့ ပိုလို့တောင် မလုပ်ပါဘူး” ဟု သံရုံးပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်ကို ကိုးကား၍ NBC က ဖော်ပြခဲ့သည်။
အိမ်ဖြူတော်အရာရှိတစ်ဦးကလည်း NBC ၏ သတင်းဖော်ပြချက်ကို ပယ်ချခဲ့ပြီး “ဒီသတင်းတစ်ခုလုံးဟာ မှားယွင်းနေပြီး ဘာတွေဖြစ်ပျက်နေလဲဆိုတာကို ဘာမှမသိတဲ့သူတစ်ယောက်ဆီကနေ ရရှိထားတဲ့ သတင်းရင်းမြစ်ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း သိရသည်။
အစ္စရေးသည် ယခင်က အမေရိကန်အပေါ် သူလျှိုလုပ်ခဲ့ဖူးပါသလား
လုပ်ခဲ့ဖူးပါသည်။ အစ္စရေးသည် ယခင်ကလည်း အမေရိကန်ကို ပစ်မှတ်ထားသည့် သူလျှိုလုပ်မှုဖြစ်စဉ်များတွင် ပါဝင်ပတ် သက်ခဲ့ဖူးသော်လည်း ၎င်းတို့၏ အနီးကပ်ဆက်ဆံရေးကြောင့် ထိုကဲ့သို့သော ဖြစ်စဉ်များကို လူသိရှင်ကြား အများကြီးပြောဆိုလေ့မရှိပေ။
အထင်ရှားဆုံး ဥပမာမှာ ဂျိုနသန် ပိုလတ်ဒ် (Jonathan Pollard) ဖြစ်စဉ်ဖြစ်သည်။ အမေရိကန်ရေတပ်တွင် အရပ် သားထောက်လှမ်းရေးဆန်းစစ်သူအဖြစ် လုပ်ကိုင်နေသည့် ၎င်းသည် လျှို့ဝှက်သတင်းအချက်အလက်အမြောက် အမြားကို အစ္စရေးထံသို့ ပေးပို့ခဲ့ပြီးနောက် ၁၉၈၅ ခုနှစ်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ နောက်ပိုင်းတွင် သူလျှိုလုပ်မှုကို ဝန်ခံခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်မလာမီအထိ ထောင် ဒဏ် ၃၀ နှစ် ကျခံခဲ့ရသည်။
ပိုလတ်ဒ် အမှုသည် အမေရိကန်-အစ္စရေး ဆက်ဆံရေးသမိုင်းတွင် အရေးပါဆုံးသော သူလျှိုလုပ်မှု အရှုပ်တော်ပုံများထဲမှ တစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်ပြီး အမေရိကန်ထောက်လှမ်း ရေးအသိုက်အဝန်းအတွင်း အမြင်များကို ဆက်လက်ပုံဖော်လျက်ရှိသည်။
သို့သော်လည်း အနီးကပ်မဟာမိတ်များအကြား သူလျှိုလုပ်ခြင်းသည် ထူးဆန်းသည့်အရာ မဟုတ်ကြောင်း ပညာ ရှင် အန်ဒရီးယပ်စ် ခရစ်ဂ် (Andreas Kreig) က ပြော သည်။
“အစ္စရေးဟာ အမေရိကန်ပြည်ထောင်စုအတွင်း ထောက် လှမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တဲ့ အထူးသဖြင့် ကာလရှည်ကြာတဲ့ မှတ်တမ်းအထောက်အထားတွေ ရှိခဲ့ပါတယ်” ဟု လန်ဒန်ကင်းစ်ကောလိပ် (King’s College London) ၏ လုံခြုံရေးဆိုင်ရာဌာနမှ ပါမောက္ခက အယ်လ်ဂျာဇီးယားသို့ ပြောကြားခဲ့သည်။
“ဆယ်စုနှစ်တွေအတွင်းမှာ အစ္စရေးဟာ အမေရိကန်ရဲ့ မဟာ ဗျူဟာမြောက် စဉ်းစားတွေးခေါ်မှုနဲ့ ဆုံးဖြတ်ချက်ချမှတ်မှုတွေကို သိရှိနိုင်ဖို့အတွက် ထောက်လှမ်းရေးနဲ့ လော်ဘီလုပ်တဲ့ လမ်း ကြောင်းတွေအပါအဝင် တရားဝင်ရော တရားမဝင်ပါ ကွန်ရက်တွေကတစ်ဆင့် အမေရိကန်ရဲ့ မူဝါဒချမှတ်ရေးအသိုက်အဝန်းအတွင်း စိမ့်ဝင်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
သို့သော်လည်း ဝါရှင်တန်သည် ဂါဇာဒေသအတွင်း လက်ရှိဖြစ်ပွားနေသော လူမျိုးတုံးသတ်ဖြတ်မှု ကာလတစ် လျှောက်လုံးအပါအဝင် အစ္စရေးထံသို့ စစ်ရေးအရ အကူ အညီများနှင့် လက် နက်ရောင်းချမှုများအတွက် နှစ်စဉ် ဒေါ်လာဘီလီယံပေါင်းများစွာကို နှစ်ပေါင်းများစွာ ပံ့ပိုးပေးခဲ့သည်။
အမေရိကန်ကွန်ဂရက်သည် လက်ရှိတွင် ကာကွယ်ရေးဥပဒေ ကြမ်းအသစ်၏ အစိတ်အပိုင်းတစ်ခုကိုလည်း ဆွေး နွေးနေပြီး၊ ယင်းဥပဒေကြမ်းသည် နှစ်နိုင်ငံ၏ လက်နက်ကိရိယာများအတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ် ငန်းများကို မကြုံစဖူးအဆင့်အထိ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်သည်။ ထို့ပြင် အမေရိကန်သည် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများတွင်လည်း အစ္စရေးအတွက် သံတမန်ရေးရာအရ အကာအကွယ်ပေးမှုများ ပြုလုပ်ပေးထားသည်။
အစ္စရေးသည် အမေရိကန်တွင် ၎င်း၏ သူလျှိုလုပ်မှုလုပ်ငန်းများကို အဘယ်ကြောင့် တိုးမြှင့်လာသည်ဟု စွပ်စွဲခံရသနည်း။
ပညာရှင် ခရစ်ဂ် ၏ ပြောကြားချက်အရ အစ္စရေးသည် အီရန်နှင့် အမေရိကန်တို့၏ ဆွေးနွေးညှိနှိုင်းမှု လမ်း ကြောင်းအပေါ် “အလွန်အမင်း စိုးရိမ်ပူပန်” နေသောကြောင့် ဖြစ်သည်။
“အစ္စရေးရဲ့ အမြင်အရတော့ မကြာသေးမီက အီရန်နဲ့ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်၊ ဒါပေမဲ့ အခုအချိန်မှာတော့ အမေရိကန်ဟာ သံတမန်ရေးရာ အဆုံးသတ်ပွဲကို ပုံဖော်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်” ဟု ၎င်းက အယ်လ်ဂျာဇီးယားသို့ ပြောကြားခဲ့သည်။
“အစ္စရေးရဲ့ အဓိကစိုးရိမ်ပူပန်မှုကတော့ ဝါရှင်တန်အနေနဲ့ ရေရှည်တည်တံ့မယ့် သံတမန်ရေးရာ မူဘောင်တစ်ခုကို သဘော တူညီသွားနိုင်ပြီး၊ ယင်းသဘောတူညီချက်ဟာ နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်စုနှစ်ပေါင်းများစွာအထိ ကြာ မြင့်သွားနိုင်ကာ အနာဂတ်မှာ အီရန်အပေါ် အစ္စရေးရဲ့ စစ်ရေးအရ လွတ်လပ်စွာ လှုပ်ရှားခွင့်ကို ကန့်သတ်ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အစ္စရေး မူဝါဒချမှတ်သူတွေအနေနဲ့ အမေရိကန်ရဲ့ ဆွေးနွေးစဉ်းစားမှုတွေထက် လက်ဦးမှုရယူထားဖို့နဲ့ ညှိနှိုင်းမှုတွေကို အချိန်နဲ့တပြေးညီ သိရှိနားလည်ထားဖို့အတွက် တွန်းအားပြင်း ပြင်းထန်ထန် ရှိနေတာ ဖြစ်ပါတယ်”။
ထို့အပြင် ခရစ်ဂ် က အစ္စရေး၏ ထောက်မ်းရေးသတင်းစုဆောင်းမှုသည် “မဟာဗျူဟာမြောက် ရည်ရွယ်ချက်” တစ်ခုကိုလည်း အကျိုးပြုနေပြီး၊ ယင်းမှာ အကယ်၍ အစ္စရေးခေါင်း ဆောင်များက အဆိုပါလုပ်ငန်းစဉ်သည် ၎င်းတို့၏ လုံခြုံရေးအကျိုးစီးပွားကို ဆန့်ကျင်နေသည်ဟု ဆုံးဖြတ်ပါက “ညှိနှိုင်းမှုများကို လွှမ်းမိုးရန်၊ လမ်းလွဲစေရန် သို့မဟုတ် ဖျက်လိုဖျက်ဆီးလုပ်ရန် အခွင့်အလမ်းများ” ကို ရှာဖွေဖော် ထုတ်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“အစ္စရေးက အမေရိကန်ပြည်ထောင်စုကို ၎င်းတို့ရဲ့ မရှိမဖြစ်လိုအပ်တဲ့ အားကိုးရာနဲ့ အနီးကပ်ဆုံး မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် ရှုမြင်ထားသော်လည်း၊ တစ်ချိန်တည်းမှာပဲ အကျိုး စီးပွားချင်း သွေဖည်သွားတဲ့အခါတိုင်း အမေရိကန်ကို တရားဝင် ထောက်လှမ်းရေးပစ်မှတ်တစ်ခုအဖြစ် သဘောထားဆောင်ရွက်ခဲ့ပါတယ်” ဟု ၎င်းက ဖြည့် စွက်ပြောကြားခဲ့သည်။
“လေ့လာစောင့်ကြည့်သူ အများအပြားကို အံ့အားသင့်စေတာကတော့ အစ္စရေးဟာ အမေရိကန်ရဲ့ စစ်ရေး၊ သံတမန်ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုတွေအပေါ် အကြီးအကျယ် မှီခိုနေရသော်လည်းပဲ၊ အမေရိကန်ရဲ့ မူဝါဒချမှတ်ရေး ကဏ္ဍအသီးသီးအတွင်းကို စိမ့်ဝင်နိုင်စွမ်းနဲ့ အမေရိကန် နိုင်ငံရေးစီမံခန့်ခွဲမှုမှာ ပါဝင်ပတ်သက်နေတဲ့ အဓိက အဖွဲ့အစည်းတွေအပေါ် လွှမ်းမိုးမှုတွေ ပျိုးထောင်နိုင်စွမ်းကို ဖွံ့ဖြိုးအောင် လုပ်ဆောင်ထားနိုင်တဲ့ အတိုင်းအတာပဲ ဖြစ်ပါတယ်”။
ဆန်းစစ်လေ့လာသူနှင့် အီရန်အရေးကျွမ်းကျင်သူ နေဂါ မော်တာဇာဗီ (Negar Mortazavi)၏ ပြောကြားချက်အရ လက်ရှိအခြေအနေတွင် သတင်းထွက်ပေါ်နေသော အစ္စရေး ၏ သူလျှိုလုပ်မှုသည် အသစ်အဆန်းမဟုတ်ဘဲ ယခင်ကလည်း အစဉ်အလာရှိခဲ့ကြောင်း သိရသည်။ အမေရိကန်-အီရန် ဆွေး နွေးပွဲများအပေါ် အစ္စရေး၏ ကန့်ကွက်မှုသည် အမေရိကန်သမ္မတ ဘာရက်အိုဘားမား လက်ထက် ၂၀၁၅ ခုနှစ်က အီရန်နှင့် နျူကလီးယားသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့စဉ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ သဘောတူညီချက်မှ ထရမ့်လက်ထက် ၂၀၁၈ ခုနှစ်တွင် အမေရိကန်က ပြန်လည်နုတ်ထွက်ခဲ့သည်။
“အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ တီဟီရန် (အီရန်) နဲ့ ဝါရှင်တန်အကြား ဘယ်လိုသဘောတူညီချက်မျိုး၊ အလေးအနက်ထား ဆွေးနွေးညှိနှိုင်းမှုမျိုး ဒါမှမဟုတ် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်သွားတာမျိုးကိုမှ မလိုလားပါဘူး၊ ဒါကြောင့် သူဟာ လူ သိရှင်ကြားရော လျှို့ဝှက်စွာပါ ၎င်းလုပ်နိုင်တဲ့ နည်းလမ်းမှန်သမျှနဲ့ တားဆီးဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်” ဟု သူမက အယ်လ်ဂျာဇီးယားသို့ ပြောကြားခဲ့သည်။
ထို့အပြင် မော်တာဇာဗီ က လက်ရှိဖြစ်ပွားနေသော အီရန်အပေါ် စစ်ပွဲသည် “စီစဉ်ထားသည့်အတိုင်း သို့မဟုတ် ကတိပြုထားသည့်အတိုင်း ဖြစ်မလာဘဲ”၊ ထရမ့်အနေဖြင့် “စစ်ပွဲအတွင်းမှ ထွက်ခွာလိုနေပြီး ယင်းကို သံတမန်ရေးရာ လမ်း ကြောင်းကတစ်ဆင့် လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
“ဒီအချိန်မှာတော့ အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ အစ္စရေးရဲ့ အကျိုးစီးပွားတွေဟာ တစ်ထပ်တည်း မကျတော့ဘဲ ကွဲလွဲနေပြီဆိုတာ လုံးဝကို ထင်ရှားနေပါတယ်” ဟု သူမက ဖြည့်စွက်ပြောကြားခဲ့သည်။
(Al Jazeera သတင်းဌာနမှ Usaid Siddiqui ၏ Why has the Pentagon raised the risk of Israeli spying to the highest level? သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)
Telegram»…
https://t.me/positiveanglenews
#PAN