အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောင်းသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိ

(မှုခင်း) ဇွန် ၇

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ကျော)၌ ယနေ့နံနက်ပိုင်းတွင်ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပ ရေးအတွက် လူမှုဝန်ထမ်းပြုလုပ်နေသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား အဆိုပါကျောင်း၏ အရှေ့တောင်ဘက် မီတာ ၂၂၀ ခန့်အကွာရှိ ရထားသံလမ်းလမ်းဆုံမှနေ၍ လက်နက်ငယ်များဖြင့် အကြောင်းမဲ့လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

 ထိုသို့ အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စာသင်ကျောင်းအတွင်း လူမှုဝန်ထမ်းပြုလုပ်နေသည့် Grade-11 ကျောင်းသားတစ်ဦးတွင် ညာရင်ဘတ်မှကျောဘက်သို့ ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အဆိုပါ လက်နက်ငယ်ကျည်ထိမှန်၍ ဒဏ်ရာရရှိသူအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်ရင်းဆေးခန်း၌ လိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ စစ်ရေးပစ်မှတ်နှင့်သက်ဆိုင်ခြင်းမရှိသည့်အပြင် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးရာ စာသင်ကျောင်းများအားတိုက်ခိုက်ဖျက်ဆီးပြီး ပညာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများအပေါ် အကြမ်းဖက်လုပ်ရပ်များကို အသိတရားကင်းမဲ့စွာ လုပ်ဆောင်ခဲ့ခြင်းအတွက် ဒေသခံပြည်သူများအနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် အကြမ်းဖက်မှုကျူးလွန်သူများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN