
(နိုင်ငံတကာ) ဇွန် ၅
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် မြောက်ကိုရီးယားခေါင်း ဆောင် ကင်ဂျုံအန်း၏ ဖိတ်ကြားချက်အရ လာမည့် ဇွန်လ ၈ ရက်မှ ၉ ရက်အထိ မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်လည် ပတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် ရုပ်သံလိုင်းဖြစ်သည့် CCTV က ဖော်ပြခဲ့သည်။
ယခုခရီးစဉ်သည် မြောက်ကိုရီးယားက ရုရှားနှင့် စစ်ရေး၊ သံတမန်ရေး ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် လုပ် ဆောင်လာပြီးနောက်၊ ပေကျင်းအနေဖြင့် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို ပြန်လည်မြှင့်တင်ရန်နှင့် မိမိတို့ဘက်သို့ ပြန်လည်ဆွဲဆောင်ရန် ကြိုးပမ်းနေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ယခု ပြုံယမ်းမြို့သို့ သွားရောက်မည့် ခရီးစဉ်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်အနေဖြင့် ၂၀၁၉ ခုနှစ်နောက်ပိုင်း ၇ နှစ်အတွင်း မြောက်ကိုရီးယားသို့ ပထမဆုံးအကြိမ် သွား ရောက်သည့် ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှစ်နိုင်ငံအကြား အပြန်အလှန် ဆက်သွယ်မှုများ ကာလရှည်ရပ်တန့်သွားခဲ့ပြီးနောက်၊ တရုတ်နိုင်ငံသည် ၎င်း၏ တစ်ဦးတည်းသော တရားဝင် မဟာမိတ်စာချုပ်ချုပ်ဆိုထားသည့် မြောက်ကိုရီးယားအပေါ် ဩဇာ လွှမ်းမိုးမှု ပြန်လည်ရယူရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကင်ဂျုံအန်းသည်လည်း မိမိတို့နိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်နှင့် အကူအညီအများဆုံး ပေးအပ်နေသည့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းလိုနေသည်။
သမ္မတ ရှီကျင့်ဖျင်သည် မကြာသေးမီက ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ပေကျင်း၌ လက်ခံတွေ့ဆုံခဲ့သလို၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုလည်း ကြိုဆိုဆွေးနွေးခဲ့ပြီး ဖြစ်သည်။ ရုရှားသည် ယူကရိန်းကျူးကျော်စစ်နောက် ပိုင်း မြောက်ကိုရီးယားထံမှ စစ်သည်များနှင့် လက်နက်ခဲယမ်းများ ထောက်ပံ့မှု ရယူကာ ဆက်ဆံရေးကို အရှိန် အဟုန်ဖြင့် မြှင့်တင်ခဲ့သည်။
တစ်ဖက်တွင်လည်း အမေရိကန်သမ္မတ ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် ဆက်ဆံရေး ပြန်လည်ဆန်းသစ်လိုကြောင်း ပြောကြားထားသည်။ ထိုသို့သော အခြေ အနေများကြောင့် တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်း ကစားကွက်တွင် နောက်ကျမကျန်စေရန် အရေး တကြီး ခြေလှမ်းပြင်လာခြင်းဖြစ်သည်။
သို့သော်လည်း ပေကျင်းအတွက် အဓိက စိုးရိမ်စရာအချက်မှာ မြောက်ကိုရီးယား၏ နျူကလီးယား စွမ်းဆောင်ရည်ကို “အဆမတန်” တိုးချဲ့ရန် ကင်ဂျုံအန်း၏ လတ်တလော ညွှန် ကြားချက်ပင် ဖြစ်သည်။
ကျွမ်းကျင်သူများ၏ သုံးသပ်ချက်အရ မြောက်ကိုရီးယား၏ လျင်မြန်လွန်းသော နျူကလီးယားအစီအစဉ်နှင့် ရန်စလိုသော အပြု အမူများသည် ဒေသတွင်း ပဋိပက္ခကို မီးမွှေနိုင်ပြီး တရုတ် ၏ အကျိုးစီးပွားကို ထိခိုက်လာနိုင်သဖြင့် ရှီကျင့်ဖျင်အနေ ဖြင့် ယခုခရီးစဉ်အတွင်း မြောက်ကိုရီးယား၏ လုပ်ရပ်များကို ထိန်း ကျောင်းနိုင်ရန် ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN