ဘိုလီဗီယာဆန္ဒပြပွဲများသည် အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းမှုဖြစ်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြောဆို၊ ဆန္ဒပြသူများကို မူးယစ်အကြမ်းဖက်သမားများနှင့် ဆက်နွှယ်နေကြောင်း စွပ်စွဲ

(နိုင်ငံတကာ) ဇွန် ၅

     အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့သည် ဘိုလီဗီယာနိုင်ငံတွင် ဖြစ်ပွားနေသည့် အစိုးရဆန့်ကျင်ရေး လူထုဆန္ဒ ပြပွဲများကို လက်ယာယိမ်းသမ္မတ ရိုဒရီဂို ပက်ဇ် (Rodrigo Paz)အား ရာထူးမှဖြုတ်ချရန် ကြိုးပမ်းသည့် အာဏာသိမ်းမှုတစ်ရပ်အသွင် သတ်မှတ်ပြောဆိုလိုက်သည်။

     အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် “ဘိုလီဗီယာ သမ္မတ ရိုဒရီဂို ပက်ဇ် ၏ တရားဝင်အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းမှုမှန်သမျှကို အမေရိကန် စစ်ဘက်ဆိုင်ရာ အဆောက်အအုံက ပယ်ချသွားမယ်” ဟု ကြေညာခဲ့သည်။ ထို့အပြင် ၎င်းက ဆန္ဒပြပွဲတွင် ပါဝင်နေကြသည့် ဆရာမများ၊ တွင်းထွက်လုပ်သားများ၊ လယ်သမားများနှင့် အလုပ် သမားသမဂ္ဂဝင်များကို ထရမ့်အစိုးရအဖွဲ့၏ အသုံးအနှုန်းဖြစ်သော “မူးယစ်အကြမ်းဖက်သမားများ” (Narco-terrorists)နှင့် မဟာမိတ်ပြုနေသူများအဖြစ် ပုံဖော်စွပ်စွဲခဲ့သည်။

      “အမေရိကန်က စောင့်ကြည့်နေပါတယ်။ ဘိုလီဗီယာအနေနဲ့ ဒီဒေသတွင်းမှာ မူးယစ်အကြမ်းဖက်သမားတွေ လွှမ်းမိုးခဲ့တဲ့ အခြေအနေဟောင်းရဲ့ သားကောင်အဖြစ် အကျခံလို့မဖြစ်ဘူး” ဟု ဟက်ဂ်ဆက်သ် က ရေးသားခဲ့သည်။

     ပြီးခဲ့သည့် အောက်တိုဘာလ ရွေးကောက်ပွဲတွင် လက် ယာယိမ်းဝါဒီ ပက်ဇ် အာဏာရလာခြင်းသည် ဘိုလီဗီယာကို နှစ်ပေါင်း ၂၀ နီးပါး အုပ်ချုပ်ခဲ့သည့် ဆိုရှယ်လစ်ဆီသို့ ဦး တည်သော လှုပ်ရှားမှုပါတီ (MAS)၏ အုပ်ချုပ်မှုကို အဆုံး သတ်စေခဲ့သည်။ ပက်ဇ် အစိုးရသည် ၂၀၀၈ ခုနှစ်က အမေရိကန်၏ ပြင်းထန်သော မူးယစ်ဆေးဝါးနှိမ်နင်းရေး မူဝါဒကြောင့် ပြတ်တောက်သွားခဲ့သည့် အမေရိကန်-ဘိုလီဗီယာ ဆက်ဆံရေးကို ပြန်လည်ထူထောင်ခဲ့သည်။

     သို့သော်လည်း ပက်ဇ် ၏ ပြုပြင်ပြောင်းလဲမှုများသည် ဒေသ ခံ လယ်သမားများနှင့် အလုပ်သမားထုကို အကြီးအကျယ် မကျေမနပ်ဖြစ်စေခဲ့သည်။ မေလအတွင်းက လယ်သမားများ၏ ကန့်ကွက်မှုကြောင့် လယ်ယာမြေပြုပြင်ပြောင်းလဲရေးဥပဒေ (Ley 1720)ကို ပြန်လည်ရုပ်သိမ်းခဲ့ရသလို၊ စက်သုံးဆီ ထောက်ပံ့ကြေးများကို ဖြတ်တောက်လိုက်ခြင်းကြောင့် ကုန် ဈေးနှုန်း ကြီးမြင့်ကာ လူထုဒေါသ ထွက်ပေါ်ခဲ့သည်။

     ဘိုလီဗီယာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကိုကင်းထုတ်လုပ်သည့် အဓိကကုန်ကြမ်းဖြစ်သော ကိုကာရွက် တတိယမြောက် အများဆုံးစိုက်ပျိုးသည့် နိုင်ငံဖြစ်ပြီး၊ ကိုကာစိုက် ပျိုးသူများ သမဂ္ဂသည် နိုင်ငံရေးတွင် အင်အားကြီးမားလှသည်။

     မေလကတည်းက စတင်ခဲ့သည့် ဆန္ဒပြပွဲများကြောင့် လမ်းမများ ပိတ်ဆို့ခြင်း၊ ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံခြင်းများ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူအချို့က သမ္မတကို ရာထူးမှ နှုတ်ထွက်ရန် တောင်းဆိုနေကြသည်။ မေလ ၂၇ ရက်နေ့တွင် ဘိုလီဗီယာလွှတ်တော်က လမ်းပိတ်ဆို့မှုများကို ဖယ် ရှားရန် စစ်တပ်စေလွှတ်ခွင့် ပြုခဲ့သော်လည်း ဆန္ဒပြပွဲများမှာ ဆက်လက်ပြင်းထန်နေဆဲ ဖြစ် သည်။

     ၂၀၂၅ ခုနှစ်တွင် ဒုတိယအကြိမ် သမ္မတအဖြစ် ပြန်လည်ရွေး ချယ်ခံရသည့် ဒေါ်နယ်ထရမ့်သည် လက်တင်အမေရိကဒေသကို အမေရိကန်၏ ကာကွယ်ရမည့် “အိမ်နီးနားချင်းဝန်းကျင်” အဖြစ် သတ်မှတ်ကာ ဩဇာချဲ့ထွင်ရန် ကြိုးပမ်းနေသည်။ ယခုနှစ်ဆန်းပိုင်းက ထရမ့်သည် လက်ယာယိမ်းအစိုးရများကို စု စည်းပြီး “အမေရိကတိုက် ကာတဲလ်ဆန့် ကျင်ရေး မဟာမိတ်အဖွဲ့” (A3C) ကို ဖွဲ့စည်းခဲ့ရာ ဘိုလီဗီယာသမ္မတ ပက်ဇ် လည်း တက်ရောက်ခဲ့သည်။

     အမေရိကန်အစိုးရသည် ပက်ဇ် ၏ ပြတ်ပြတ်သားသား နှိမ် နင်းမည့် မူဝါဒကို ဆက်လက်ထောက်ခံသွားမည်ဟု ကာကွယ် ရေးဝန်ကြီး ဟက်ဂ်ဆက်သ် က ထပ်လောင်းအတည် ပြုထား သည်။

Telegram»…
https://t.me/positiveanglenews

#PAN