အမေရိကန်က ဘရာဇီးအပေါ် ၂၅ ရာခိုင်နှုန်း အခွန်တိုးမြှင့်ရန် အစီအစဉ်သစ် ထုတ်ပြန်၊ သမ္မတလူလာက “ယခုကဲ့သို့ ဆက်ဆံမှုကို လက်မခံနိုင်” ဟု ပြင်းထန်စွာတုံ့ပြန်ပြီး ကုန်သွယ်ဖက်အသစ် ရှာဖွေမည်ဟုဆို

ဘရာဇီးသမ္မတ လူအစ် အီနာစီယို လူလာ ဒါ ဆီလ်ဗာ (Luiz Inacio Lula da Silva)

(နိုင်ငံတကာ) ဇွန် ၄

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့က ဘရာဇီးနိုင်ငံမှ တင်သွင်းသည့် အချို့သော ကုန်ပစ္စည်းများအပေါ် ၂၅ ရာခိုင်နှုန်း အခွန်တိုးမြှင့်မည့် အစီအစဉ်အသစ်တစ်ရပ်ကို ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်လိုက်ရာ၊ ၎င်းလုပ်ရပ်သည် နှစ်နိုင်ငံအကြား ပေါ်ပေါက်စပြုနေသည့် တင်းမာမှုလျှော့ချရေး လမ်း ကြောင်းကို နောက်ပြန်ဆွဲလိုက်သကဲ့သို့ ဖြစ်သွားခဲ့ပြီး ဘရာဇီးသမ္မတ လူအစ် အီနာစီယို လူလာ ဒါ ဆီလ်ဗာ ကလည်း မိမိတို့အပေါ် ပြုလုပ်လာသည့် “ယခုကဲ့ သို့ ဆက်ဆံမှုကို လက်မခံနိုင်ကြောင်း” ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

     သမ္မတ လူလာက ပြီးခဲ့သည့် မေလအတွင်း အိမ်ဖြူတော်တွင် ထရမ့်နှင့် တွေ့ဆုံစဉ်က နှစ်နိုင်ငံဆက်ဆံရေး တိုး တက်လာမည်ဟု အကောင်းမြင်ခဲ့သော်လည်း ယခုအစီ အစဉ်ကြောင့် အံ့ဩမိရကြောင်းနှင့် ဘရာဇီးအနေဖြင့် အမေရိကန်နှင့် ဆက်ဆံရေး တည်ဆောက်လိုသော်လည်း လိုအပ်ပါက အခြားကုန်သွယ်ဖက်နိုင်ငံများကို ရှာဖွေသွားမည်ဟု ဆိုသည်။

     ထရမ့်၏ ဒုတိယမြောက် သမ္မတသက်တမ်း ပထမနှစ်အတွင်း ခေါင်းဆောင်နှစ်ဦးသည် ကုန်သွယ်ရေးနှင့် လူ့အခွင့်အရေးများအပြင်၊ ထရမ့်အစိုးရ၏ ဗင်နီဇွဲလားအပေါ် တိုက်ခိုက်မှုနှင့် ကာရစ်ဘီယံပင်လယ်အတွင်း စစ်အင်အားတိုးမြှင့်မှု စသည့် လက် တင်အမေရိကဆိုင်ရာ အကြမ်းထည်မူဝါဒများကြောင့် အစဉ် တစိုက် အငြင်းပွားခဲ့ကြသည်။

     အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ဂျေမီဆန် ဂရီယာ (Jamieson Greer) က ဘရာဇီးဘက်က တရားမဝင် သစ်တောပြုန်းတီးမှု၊ အီသနောဈေးကွက် ကန့်သတ်မှုနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အားနည်းမှုတို့ကြောင့် “မမျှတသော ကုန်သွယ်မှု” ဖြစ်နေပြီး၊ အမေရိကန်အပေါ် “ကြီးမားလှသော ကုန်သွယ်မှုလိုငွေပြမှု (Trade deficit)” ရှိနေသည်ဟု စွန့်ချက်ထောက်ပြခဲ့သည်။

     သို့သော်လည်း အများပြည်သူသိရှိနိုင်သည့် အချက် အလက်များအရ အမေရိကန်သည် ဘရာဇီးနှင့် ကုန်သွယ်ရာတွင် ကုန် သွယ်မှုပိုငွေ (Trade surplus)ကိုသာ ဆက် လက်ထိန်းသိမ်းထားနိုင်ပြီး၊ ဥပမာအားဖြင့် ပြီးခဲ့သည့် မတ်လတွင် အမေရိကန် သည် ဘရာဇီးထံမှ ဒေါ်လာ ၄၂၀ သန်း ကုန်သွယ်မှု ပိုငွေပြခဲ့ကြောင်း ကိန်းဂဏန်းများက ပြသနေသည်။

     ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း အမေရိကန်တရားရုံး ချုပ်က အိမ်ဖြူတော်၏ ကမ္ဘာလုံးဆိုင်ရာ အခွန်တိုးမြှင့်မှုများကို ဖျက်သိမ်းခဲ့ပြီးနောက်၊ ထရမ့်အစိုးရအဖွဲ့သည် ၁၉၇၄ ခုနှစ် ကုန်သွယ်ရေးအက်ဥပဒေ ပုဒ်မ ၃၀၁ (Section 301)ကို အသုံး ပြု၍ အခွန်တိုးမြှင့်ရေး မဟာဗျူ ဟာအသစ်ကို ကျင့်သုံးလာခြင်းဖြစ်သည်။ ယခုအစီအစဉ်သည် ဇူလိုင်လအစောပိုင်းအထိ အများပြည်သူ သဘော ထားမှတ်ချက် တောင်းခံမည်ဖြစ်ပြီး၊ အမဲသား၊ ကော်ဖီ၊ ရှားပါးဒြပ်စင်များနှင့် လေယာဉ်အစိတ် အပိုင်း စသည့် အဓိကကုန်ပစ္စည်းအချို့မှာမူ ယခုအခွန်တိုးမြှင့်မှုမှ ကင်း လွတ်ခွင့် ရရှိထားသည်။

     ထရမ့်သည် ဘရာဇီးတွင် ဒီမိုကရေစီကို ဖျက်ဆီးရန် ကြိုးပမ်းမှုဖြင့် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရသည့် ဘရာဇီးသမ္မတဟောင်း ဂျာအီ ဘော်ဆိုနာရို (Jair Bolsonaro)၏ မိသားစုနှင့် နီးကပ်သော ဆက်ဆံရေး ရှိသည်။ ယခုအခွန်တိုးမြှင့်မှုသည် လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် ဘရာဇီးသမ္မတရွေးကောက်ပွဲတွင် ဘော်ဆိုနာရို၏ သားအကြီးဆုံးဖြစ်သူ အထက်လွှတ်တော်အမတ် ဖလာဗီယို ဘော်ဆိုနာရို နှင့် ပြင်းထန်စွာ ပြိုင်ဆိုင်ရတော့မည့် သမ္မတလူလာအတွက် နိုင်ငံရေးအရပါ ဖိအားတစ်ခု ဖြစ်လာခဲ့သည်။

Telegram»…
https://t.me/positiveanglenews

#PAN