
(မှုခင်း) ဇွန် ၃
တာချီလိတ်မြို့နယ်တွင် ဝမ်ကျောက်လုံကျေးရွာအနီးတွင် ဇွန်လ ၂ ရက်နေ့ ညနေပိုင်း၌ (ကာလပေါက်ဈေး ၁၂သိန်းခန့်)ရှိ စိတ်ကြွဆေးပြား၂၀၀၀ခန့် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းရရှိသဖြင့် သက်သေများနှင့်အတူ စောင့်ဆိုင်းစစ်ဆေးမှု ပြုလုပ်နေစဥ် ပန်စလိကျေးရွာဘက်မှ ဝမ်ကျောက်လုံကျေးရွာဘက်သို့ လမ်းလျှောက်လာသော သန်းဝင်း(ခ) အာခါလေးဆိုသူအား စစ်ဆေးရှာဖွေခဲ့ကြောင်းသိရသည်။
ထိုသို့ ရှာဖွေစစ်ဆေးနေစဉ်အတွင်း ၎င်းကိုင်ဆောင်ထားသည့် ဆေးလိပ်ဘူးအတွင်း WY စာတန်းပါ စိတ်ကြွဆေးပြား ၂,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁၂ သိန်း)ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
အဆိုပါ တရားခံ သန်းဝင်း(ခ) အာခါလေးအား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်းသိရသည်။