မြို့တော်ကိဗ်အပါအဝင် ယူကရိန်းတစ်ဝန်း ရုရှားက ဒုံး ကျည်နှင့် ဒရုန်းများဖြင့် အပြင်းအထန်တိုက်ခိုက်၊ လူ ၁၁ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရ

(နိုင်ငံတကာ) ဇွန် ၂

     ရုရှားစစ်တပ်သည် ယူကရိန်းနိုင်ငံတစ်ဝန်းရှိ မြို့ကြီးများကို တစ်ညလုံး ဒုံးကျည်နှင့် ဒရုန်းအမြောက်အမြား အသုံး ပြုကာ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အသက် ၇၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၁၁ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နှင့်ချီသော ပြည်သူများ ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းအာဏာပိုင်များက ယနေ့ (အင်္ဂါနေ့) အစောပိုင်းတွင် သတင်းထုတ်ပြန်ထား သည်။

      ယခု တစ်ညလုံး တိုက်ခိုက်မှုအတွင်း မြို့တော်ကိဗ် (Kyiv)၌ ပြင်းထန်သော ပေါက်ကွဲသံအများအပြား ထွက်ပေါ်ခဲ့ပြီး မြို့နေရာအနှံ့အပြားတွင် မီးလောင်မှုများ ဖြစ်ပွားခဲ့ကာ အနည်းဆုံး လူသုံးဦး သေဆုံးခဲ့သည်။ ကိဗ်မြို့ပြစစ်ဘက်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့အကြီးအကဲ တီမူးရ် ထာချန်ကို(Tymur Tkachenko) ၏ ပြောကြားချက်အရ ရုရှားသည် ယနေ့တိုက်ခိုက်မှုတွင် အဖျက်စွမ်းအားပြင်း ပဲ့ထိန်းဒုံးကျည်များ (Ballistic Missiles) ကို အသုံးပြုခဲ့ကြောင်း သိရသည်။

     မြို့တော်ဝန် ဗီတာလီ ကလစ်ခ်ျကို (Vitali Klitschko) ကလည်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များ ခုခံနေစဉ်အတွင်း ပြည်သူများ ဗုံးခိုကျင်းထဲ၌သာ နေထိုင်ကြရန် သတိ ပေးခဲ့ပြီး တိုက်ခိုက်မှုကြောင့် မြို့တော်၏ ခရိုင်အတော်များများတွင် လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့သည်။

     မြို့တော်ကိဗ်တင်မကဘဲ ဒီနီပရို (Dnipro) မြို့တွင်လည်း ရုရှား၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူလေးဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းအုပ် ချုပ်ရေးမှူး အိုလက်ခ်ဆန္ဒာ ဂန်ဇာက အတည်ပြုပြောကြားသည်။ ထို့ပြင် ခါကိဗ် (Kharkiv) မြို့ စလိုဘစ်စကီးခရိုင်တွင်လည်း ရုရှား၏ ပစ်ခတ်မှုကြောင့် ပြည်သူရှစ်ဦး ဒဏ်ရာရရှိခဲ့သဖြင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ပျက်စီးဆုံးရှုံးမှုများကို လိုက်လံစစ်ဆေးလျက်ရှိသည်။

ယခု တိုက်ခိုက်မှုသည် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelenskyy)က ရုရှားအနေဖြင့် နိုင်ငံအပေါ် “အကြီးအကျယ် တိုက်ခိုက်မှုအသစ်” တစ်ရပ် ပြုလုပ်ရန် ပြင် ဆင်နေကြောင်း ထောက်လှမ်းရေးသတင်းများအရ သိရှိထားသဖြင့် ပြည်သူများ လေကြောင်းရန်သတိပေးချက်များကို အထူးဂရုပြုကြရန် သတိပေးနှိုးဆော်ခဲ့ပြီး ရက်ပိုင်းအကြာတွင် ကွက်တိထွက်ပေါ်လာခြင်းဖြစ်သည်။

     သမ္မတ ဇလန်းစကီးသည် ရုရှား၏ ပဲ့ထိန်းဒုံးကျည်များကို ကြားဖြတ်ပစ်ချနိုင်စွမ်းရှိသည့် ပက်ထရီယော့ (Patriot)ဒုံးကျည်စနစ်များ အရေးပေါ်ထောက်ပံ့ပေးရန် ၎င်း၏ အနောက်အုပ်စုမဟာမိတ်နိုင်ငံများကို ထပ်မံတောင်းဆိုထားသည်။

Telegram»…
https://t.me/positiveanglenews

#PAN