မုန်တိုင်းဒဏ်နှင့် ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှု ရိုက်ခတ်မှုကြောင့် ဩစတြေးလျနိုင်ငံ ၈ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ကုန်သွယ်မှုလိုငွေပြ

(နိုင်ငံတကာ) ဇွန် ၂

     ဩစတြေးလျနိုင်ငံတွင် သဘာဝဘေးအန္တရာယ်ကြောင့် သတ္တု တွင်းထွက်ပစ္စည်းတင်ပို့မှု သိသိသာသာ လျော့ကျသွားခြင်း၊ ပြည်တွင်း၌ ဉာဏ်ရည်တု(AI) နည်းပညာ ရင်းနှီး မြှုပ်နှံမှုများကြောင့် ဒေတာစင်တာသုံး စက်ပစ္စည်း တင်သွင်းမှု စံချိန်တင်မြင့်တက်လာခြင်းနှင့် ကမ္ဘာ့စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီဈေး နှုန်းများ ထိုးတက်လာခြင်းတို့ကြောင့် ရှစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကုန်သွယ်မှုလိုငွေပြမှုကို ကြုံ တွေ့ခဲ့ရကြောင်း သိရသည်။

     ဩစတြေးလျ စာရင်းအင်းဗျူရို (ABS)က ယနေ့ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ယခုနှစ် မတ်လကုန်ဆုံးသည့် ပထမသုံးလပတ်အတွင်း နိုင်ငံ၏ ကုန်စည်ကုန်သွယ်မှုတွင် ဒေါ်လာ ၁.၈၄ ဘီလီယံ လိုငွေပြခဲ့ပြီး၊ ယင်းသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကုန်သွယ်မှုလိုငွေပြခြင်း ဖြစ်သည်။ ယခင်သုံးလပတ်က ဒေါ်လာ ၅ ဘီလီယံအထိ ကုန် သွယ်မှုပိုငွေပြခဲ့ရာမှ ယခုကဲ့သို့ အခြေအနေသို့ ထိုးစိုက်ကျဆင်းသွားခြင်းလည်း ဖြစ်သည်။

     ကုန်သွယ်မှုလိုငွေပြရခြင်း၏ အဓိကအကြောင်းရင်းမှာ ကွင်းစလန်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ခတ်ခဲ့သည့် အပူပိုင်းမုန် တိုင်း ကိုဂျီ (Koji) နှင့် ဩစတြေးလျအနောက်ပိုင်းတွင် တိုက် ခတ်ခဲ့သည့် မုန်တိုင်း မစ်ချယ် (Mitchell) တို့ကြောင့် သံရိုင်းနှင့် ကျောက်မီးသွေး တင်ပို့မှုလုပ်ငန်းများ ပြတ်တောက်ကာ ကုန် စည်တင်ပို့မှု ၁.၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ခြင်းကြောင့် ဖြစ် သည်။ ထို့အပြင် ပြည်ပကျောင်း သား အရေအတွက် လျော့နည်းသွားခြင်းကြောင့် ဝန်ဆောင် မှုကဏ္ဍ တင်ပို့မှုသည်လည်း ၁.၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

     တစ်ဖက်တွင်မူ နယူးဆောက်ဝေးလ်နှင့် ဗစ်တိုးရီးယားပြည် နယ်များ၌ ဒေတာစင်တာ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံ မှုများ ဆက်တိုက်မြင့်တက်နေသဖြင့် ဉာဏ်ရည်တု (AI)ဆာဗာ ရက်ခ်(Server Racks)များ အမြောက် အမြား တင်သွင်းခဲ့ရသဖြင့် စက်ပစ္စည်းတင်သွင်းမှုသည် သမိုင်းတင်အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။

     ထို့ပြင် အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်ဆို့လိုက်ခြင်းကြောင့် ကမ္ဘာ့ရေနံထောက် ပံ့မှု ကျပ်တည်းကာ ရေနံစိမ်းနှင့် သန့်စင်ပြီး ရေနံထွက်ပစ္စည်းဈေး နှုန်းများ သိသိသာသာ မြင့်တက်လာခြင်းကလည်း ဩစတြေး လျ၏ သွင်းကုန်ကုန်ကျစရိတ်ကို ၀.၈ ရာခိုင်နှုန်း ပိုမိုမြင့်တက်စေခဲ့သည်။

     ယခုကဲ့သို့ ပို့ကုန်ကျဆင်းမှုကြောင့် ဩစတြေးလျနိုင်ငံ ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ဖွံ့ဖြိုးတိုးတက် မှုနှုန်းမှာ ၀.၈ ရာခိုင်နှုန်းခန့် လျော့ကျသွားနိုင်ပြီး၊ သုံးလပတ်အလိုက် ဂျီဒီပီတိုးတက်မှုနှုန်းသည် ယခင်သုံးလပတ်က ၀.၈ ရာ ခိုင်နှုန်း ရှိခဲ့ရာမှ ၀.၅ ရာခိုင်နှုန်းသို့ အရှိန်လျော့သွားနိုင်ကြောင်း ခန့်မှန်းထားကြသည်။

     ဩစတြေးလျ ဗဟိုဘဏ် (RBA) အနေဖြင့် စစ်ပွဲကြောင့်ဖြစ်ရသည့် ကမ္ဘာ့စွမ်းအင်ရိုက်ခတ်မှုနှင့် ငွေဖောင်းပွမှုကို ထိန်းချုပ်ရန်အတွက် ယခုနှစ်အတွင်း အတိုးနှုန်းကို ၄.၃၅ ရာခိုင်နှုန်းအထိ သုံးကြိမ်တိုင်တိုင် မြှင့်တင်ခဲ့ပြီး ဖြစ်သည်။ ဗဟိုဘဏ်၏ တင်း ကျပ်သော မူဝါဒများနှင့် အီရန်စစ်ပွဲ၏ ရိုက်ခတ်မှုများကြောင့် ယခုနှစ်ကုန်တွင် ဩစတြေးလျ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၁.၃ ရာခိုင်နှုန်းအထိ ဆက် လက်နှေးကွေးသွားနိုင်ကြောင်း RBA က မျှော်လင့်ထား သည်။

Telegram»…
https://t.me/positiveanglenews

#PAN