
(နိုင်ငံတကာ) ဇွန် ၁
ယူကရိန်းစစ်ပွဲကြောင့် ရုရှားအပေါ် ချမှတ်ထားသော နိုင်ငံ တကာပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲရန် ကြိုးပမ်းနေသည့် ရုရှား၏ “အရိပ်ပြောက်ရေယာဉ်စု” (Shadow Fleet) ကို အနောက်အုပ်စုက စစ်ဆင်ရေးတိုးမြှင့်နှိမ်နင်းလျက်ရှိရာ၊ ယူနိုက်တက်ကင်းဒမ်း (UK) ၏ ပံ့ပိုးကူညီမှုဖြင့် ပြင်သစ်ရေတပ်က ရုရှားရေနံတင်သင်္ဘောတစ်စင်းကို အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ကြားဖြတ်ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ၎င်း၏ X လူမှုကွန်ရက်မှတစ်ဆင့် တနင်္ဂနွေနေ့ညနေပိုင်းက ဗြိတိန်နီ (Brittany) မြို့၏ အနောက်ဘက် ရေမိုင် ၄၀၀ ကျော်အကွာတွင် တာဂေါ (Tagor) အမည်ရှိ ရေနံတင်သင်္ဘောကို ရဟတ်ယာဉ်များအသုံးပြုကာ တက်ရောက်စီးနင်းခဲ့ကြောင်း ထုတ်ဖော်ကြေ ညာခဲ့သည်။
အဆိုပါသင်္ဘောသည် ရုရှားအနောက်မြောက်ပိုင်း မာမန့်စ်ခ်မြို့မှ ထွက်ခွာလာပြီး ဥရောပသမဂ္ဂနှင့် အမေရိကန်၏ ပိတ်ဆို့မှုစာရင်းဝင်ဖြစ်သော်လည်း၊ ဖမ်းဆီးခံရချိန်တွင် ကင်မရွန်းနိုင်ငံအလံကို အလွဲသုံးစားပြုကာ လွှင့်ထူမောင်းနှင်နေခြင်း ဖြစ် သည်။ စစ်ဆေးချိန်တွင် သင်္ဘောအတွင်း၌ ရေနံမရှိသလောက် ဗလာဖြစ်နေသော်လည်း အခြေခံပင်လယ်ရေကြောင်းဥပဒေများကို ချိုးဖောက်ကာ အလံများကို မကြာခဏလဲလှယ်၍ စစ်စရိတ်ရှာဖွေပေးနေသည့် အတွက် လမ်းကြောင်းလွှဲကာ ထိဆန်းစစ်ဆေးရခြင်းဖြစ်ကြောင်း ပြင်သစ်အာဏာပိုင်များက ဆိုသည်။
ရုရှားနိုင်ငံအတွက် ရေနံဝင်ငွေသည် ၄ နှစ်ကျော်ကြာလာပြီဖြစ်သော ယူကရိန်းကျူးကျော်စစ်စရိတ်ကို ကာမိစေရန် အဓိကထောက်တိုင်ဖြစ်နေသောကြောင့် ပိတ်ဆို့မှုရှောင်ရန် သင်္ဘောအစင်းရေ ရာနှင့်ချီကို သုံးစွဲနေခြင်း ဖြစ်သည်။
ပြင်သစ်နှင့် အခြားနိုင်ငံများက ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်နေသည့် ယခုကဲ့သို့သော “အရိပ်ပြောက်ရေယာဉ်စု” ကို ပြတ်ပြတ်သားသား နှိမ်နင်းသွားမည်ဟု ကတိပြုထားကြသည်။ ပြင်သစ်နိုင်ငံသည် ပြီးခဲ့သည့် စက်တင်ဘာလကတည်းက ‘ဘိုရာကေး’၊ ‘သည်ဂရင်းချ်’ နှင့် ‘ဒေနာ’ အပါအဝင် ရုရှားနှင့်ပတ်သက်သော သင်္ဘော ၃ စင်းထက်မနည်းကို ဖမ်းဆီးအရေးယူခဲ့ပြီး ဖြစ်သည်။
ပြင်သစ်အစိုးရက ယခုကဲ့သို့ စည်းကမ်းဖောက်ဖျက်သည့် သင်္ဘောများအတွက် ပြစ်ဒဏ်များကို နှစ်ဆတိုးမြှင့်မည့် အစီ အစဉ်ကို ဧပြီလတွင် ချမှတ်ထားပြီးဖြစ်ကာ၊ “နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး စစ်ပွဲအတွက် ငွေကြေးထောက်ပံ့နေမှုကို လက်ခံနိုင်စရာမရှိကြောင်း” သမ္မတ မက်ခရွန်က ပြတ်ပြတ်သားသား သတိပေးထားသည်။
သို့သော် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကမူ ၎င်းတို့နှင့်ဆက်နွှယ်သည့် သင်္ဘောများကို အနောက်နိုင်ငံများက ယခုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းနေခြင်းမှာ နိုင်ငံတကာပင်လယ်ပြင်၌ “ဓားပြတိုက်မှု” ကျူးလွန်နေခြင်းသာ ဖြစ် ကြောင်း တုံ့ပြန်ရှုတ်ချထားသည်။
Telegram»…
https://t.me/positiveanglenews
#PAN