(ပို့ဆောင်ရေး) မေ ၂၈
ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့မီးရထား သည် ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရန်ကုန်–မန္တလေး–ရန်ကုန် လမ်းပိုင်းတွင် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများကို တိုးချဲ့ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၆ ခုနှစ် မေလအတွင်း အမှတ် (၃) အဆန်/အမှတ် (၄) အစုန်နှင့် အမှတ် (၅) အဆန်/အမှတ် (၆) အစုန် DEMU ရထားများကို စတင်ပြေးဆွဲခဲ့ပြီး ခရီးသည်စီးနင်းမှုများပြားသည့်အတွက် အမှတ် (၉) အဆန်/အမှတ် (၁၀) အစုန်ရထားကို ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်မှစတင်၍ ထပ်မံတိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါရထားသည် ရန်ကုန်–မန္တလေး ခရီးစဉ်တစ်လျှောက် တိုးကြောင်ကလေး၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ တပ်ကုန်း၊ ပျော်ဘွယ်နှင့် သာစည်ဘူတာများတွင် ရပ်တန့်ပေးမည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာ အထက်တန်း ၄၈,၀၀၀ ကျပ်နှင့် ပထမတန်း ၃၄,၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်–မန္တလေး လမ်းပိုင်းတွင် လေအိတ်ရထားအမှတ် (၁၁) အဆန်/အမှတ် (၁၂) အစုန်နှင့် ရန်ကုန်–နေပြည်တော် ခရီးစဉ် DEMU ရထားများ (အမှတ် ၇/၈ နှင့် ၃၁/၃၂) တို့ကိုလည်း ဆက်လက်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
အဆိုပါရထားများ၏ လက်မှတ်များကို Online Railways Ticketing and Payment (ORTP) စနစ်ဖြင့် အွန်လိုင်းမှ ကြိုတင်ဝယ်ယူနိုင်ပြီး ခရီးစဉ်အစဆုံးဘူတာများအတွက် (၇) ရက်နှင့် ကြားဘူတာများအတွက် (၅) ရက် ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ ထုတ်ပြန်ထားသည်။
အလားတူ ရန်ကုန်–ပဲခူး၊ မန္တလေး–သာစည်၊ သာစည်–နေပြည်တော်၊ နေပြည်တော်–တောင်ငူနှင့် တောင်ငူ–ပဲခူး ခရီးစဉ်များအတွက်လည်း ခေတ်မီ DEMU နှင့် RBE ခရီးတိုရထားများကို ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
#PAN