အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းအတွက် ပြည်သူအကြံပြုချက်များ ဖိတ်ခေါ်

(လွှတ်တော်) မေ ၂၆

နေပြည်တော် မေ ၁၄ ရက်တွင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းအား ပြည်သူများ လေ့လာသိရှိပြီး အကြံပြုနိုင်ရန်အတွက် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်အသိပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဥပဒေကြမ်းကို တတိယအကြိမ် လွှတ်တော်များ၏ ဒုတိယပုံမှန်အစည်းအဝေးများတွင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် အကြံပြုချက်များ ပေးပို့လိုပါက ၂၀၂၆ ခုနှစ် ဇွန်လ ၂ ရက်နေ့နောက်ဆုံးထား၍ သက်ဆိုင်ရာ လွှတ်တော်ရုံးများသို့ ပေးပို့နိုင်ကြောင်း အသိပေးထားသည်။

အကြံပြုချက်များကို ပေးပို့ရာတွင် ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံး (နေပြည်တော်)သို့ လိပ်မူ၍ ပေးပို့နိုင်ကြောင်း သိရသည်။

ယင်းကဲ့သို့ ပြည်သူများ၏ အကြံပြုချက်များကို လက်ခံရယူခြင်းဖြင့် ဥပဒေကြမ်းအား ပိုမိုပြည့်စုံကောင်းမွန်စေရန်နှင့် လက်တွေ့အသုံးချနိုင်မှု မြင့်မားစေရန် ရည်ရွယ်ထားကြောင်း သိရသည်။