
(ပညာရေး) မေ ၂၆
ကျောင်းအပ်နှံရေးနေ့ စတင်သည့်နေ့ဖြစ်သည့် မေလ ၂၅ နံနက်ပိုင်းတွင် မင်းဘူးမြို့နယ်ရှိ ကျေးရွာများသို့ PDF အကြမ်းဖက်အဖွဲ့များ ဝင်ရောက်လာပြီး ကျောင်းဖွင့်လှစ်မှုနှင့် ပတ်သက်၍ ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့ဝင်များက တောကျောင်းကုန်း၊ ပန်းလွှားကျေးရွာများနှင့် ပွင့်ဖြူမြို့နယ်ရှိ ရွာသစ်ကုန်း၊ နဘဲကုန်း သို့ရောက်ရှိလာပြီး “ကျောင်းများ ဖွင့်ရဲဖွင့်ကြည့်၊ ကျောင်းအုပ်များနှင့် မဲရုံမှူးများ သတိထားကြရန်” ဟု ကြိမ်းဝါးခဲ့ကြောင်းနှင့် ဆရာ၊ ဆရာမများ၏ ဖုန်းများကို စောင့်ကြည့်နေကြောင်း ပြောဆိုခဲ့သဖြင့် ဒေသခံဆရာများအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ထို့အပြင် အဆိုပါကျေးရွာများတွင် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲပြီးနောက် ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် နိုင်ငံရေးထောက်ခံသူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောဆိုထားသည်။
ယင်းကျေးရွာများသည် မင်းဘူးနှင့် ပွင့်ဖြူ မြို့နယ်များအတွင်း တည်ရှိသော်လည်း လမ်းတစ်ဆက်တည်းဖြင့် ဆက်စပ်နေသော ကျေးရွာများ ဖြစ်ကြောင်း သိရသည်။
မကြာသေးမီက ပညာရေးဌာနမှ ဆရာ၊ ဆရာမများ အပြောင်းအရွှေ့အမိန့်များ ထုတ်ပြန်ခဲ့ပြီး အဆိုပါဒေသများရှိ ဆရာများအနေဖြင့် လုံခြုံရေးစိုးရိမ်မှုများရှိနေသော်လည်း အပြောင်းအရွှေ့ လျှောက်ထားမှုများအပေါ် မျှတစွာ စဉ်းစားပေးခြင်း မရှိခဲ့ကြောင်းလည်း သတင်းရရှိသည်။
ထိုသို့သော အခြေအနေများကြောင့် ဒေသခံဆရာများအချို့သည် မကြေမနပ်ဖြစ်နေကြပြီး အလုပ်မှ နုတ်ထွက်ရန်အထိ စဉ်းစားနေကြောင်းလည်း သိရသည်။