
(နိုင်ငံတကာ)မေ ၂၅
အမေရိကန်နှင့် အီရန်တို့အကြား ဖြစ်ပွားနေသည့် ပဋိ ပက္ခကို အဆုံးသတ်ရန် ဖြစ်နိုင်ခြေရှိသော နားလည်မှုစာချွန်လွှာ (MOU) တစ်ရပ် ထွက်ပေါ်လာတော့မည်ကို ကမ္ဘာတစ်ဝန်းက စောင့်မျှော်နေကြစဉ်၊ အီရန်နှင့် အမေရိကန် ခေါင်းဆောင်များသည် သမိုင်း ဝင်နှင့် ပထဝီဝင်ဆိုင်ရာ အချက်အလက်များကို အပြန်အလှန် ကိုးကား၍ စိတ်ဓာတ်ရေးရာစစ်ပွဲ ဆင်နွှဲလာကြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နှင့် စစ်ပွဲရပ် တန့်ရေး သဘောတူညီချက်ကို “အခြေခံအားဖြင့် ညှိနှိုင်းပြီးစီးသွားပြီ” ဟု ကြေညာခဲ့ပြီးနောက်၊ အီရန်တာဝန်ရှိသူ များကလည်း ၎င်းတို့နိုင်ငံသမိုင်း၏ အရေးပါသော အခိုက် အတန့်များကို ပြန်လည်ဖော်ထုတ်ကာ အင်အားမမျှသော တိုက်ပွဲများတွင် အီရန်ကသာ နောက်ဆုံး၌ အောင်ပွဲခံလေ့ရှိကြောင်း ပြန်လည်တုံ့ပြန်ခဲ့ကြသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီ (Esmaeil Baghaei)က တတိယရာစုနှစ်အတွင်း ရောမစစ်တပ် ပါရှန်းတို့ထံ ရှုံးနိမ့်ခဲ့သည့် သမိုင်းကို နှိုင်းယှဉ်ပြခဲ့သလို၊ ခေါင်းဆောင်အသီးသီးကလည်း ၁၉၈၂ ခုနှစ် အီရတ်-အီရန်စစ်ပွဲအတွင်း ခိုရမ်ရှာ (Khorramshahr) မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် သွေးထွက်သံယိုအများဆုံး တိုက်ပွဲကြီးကို အဓိကထား ရည်ညွှန်းခဲ့ကြသည်။

သေဆုံးသွားခဲ့ပြီဖြစ်သော အီရန်အဓိပတိ အာယာတိုလာ အလီ ခါမေနီ ၏ အကြံပေးပုဂ္ဂိုလ် မိုဟမ္မဒ် မိုခ်ဘာ က “အီရတ်ခေါင်းဆောင်ဟောင်း ဆဒ္ဒမ် ဟူစိန်ဟာ ခိုရမ်ရှာရဲ့ ကတုတ်ကျင်းတွေထဲမှာ မြေမြှုပ်ခံခဲ့ရသလို၊ သမ္မတ ထရန့်ကလည်း ဇီယွန်ဝါဒီစနစ်က ဖန်တီးထားတဲ့ ရွှံ့ညွန်ထဲမှာ နိုင်ငံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်” ဟု X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
အီရန် သမ္မတ မာဆုဒ် ပီဇက်ရှ်ကီယန် ကလည်း “ဒီနေ့ခေတ် အီရန်ရဲ့ ခိုရမ်ရှာမြို့ဟာ ပါရှန်းကွေ့နဲ့ ဟော်မုဇ်ရေလက်ကြားပဲ ဖြစ်ပါတယ်” ဟု ဆိုကာ ၎င်းတို့၏ နယ်မြေအချုပ်အခြာကို မည်သည့်အခြေအနေမျိုးတွင်မဆို ဆက် လက်ကာကွယ်သွားမည်ဟု အလေးပေးပြောကြားခဲ့သည်။
ယခုကဲ့သို့ အီရန်ဘက်မှ သတင်းစကားများ ဆက်တိုက်ထွက်ပေါ်လာရခြင်းမှာ သမ္မတ ထရန့်က ၎င်း၏ Truth Social အကောင့်တွင် အီရန်မြေပုံကို အမေရိကန်အလံဖြင့် လွှမ်းခြုံထားသည့် ဓာတ်ပုံနှင့်အတူ “အရှေ့အလယ်ပိုင်း အမေရိကန်ပြည် ထောင်စု?” ဟု ရေးသားကာ အီရန်ကို ထိန်းချုပ်လိုသည့် အရိပ် အယောင် ပြသခဲ့ခြင်းကြောင့် ဖြစ် သည်။ ယင်းကို တုံ့ပြန်သည့်အနေဖြင့် ပြည်ပရှိ အီရန်သံရုံးများကလည်း အမေရိကန်မြေပုံကို အီရန်အလံဖြင့် လွှမ်းခြုံကာ “အီရန်ပြည်ထောင်စု?” ဟု ပြန်လည်လှောင်ပြောင် တုံ့ပြန်ခဲ့ကြသည်။
လက်ရှိတွင် ထရန့်အစိုးရအဖွဲ့အနေဖြင့် အီရန်၏ ယူရေနီ ယံသန့်စင်မှုကို ရေရှည်ဆိုင်းငံ့ရန်နှင့် ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို အခ ကြေးငွေမယူဘဲ အပြည့်အဝ ပြန်လည်ဖွင့်လှစ်ပေးရန် တောင်းဆိုထားပြီး၊ အစ္စရေးအာဏာပိုင်များကမူ ယခုသဘောတူညီချက်အပေါ် နှုတ်ဆိတ်နေသော်လည်း စစ်ပွဲကို ပြန်လည်စတင်ရန် ဖိအားပေးတိုက်တွန်းလျက် ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN