
(နိုင်ငံတကာ)မေ ၂၅
တောင်အာဖရိကနိုင်ငံ ခရူဂါအမျိုးသားဥယျာဉ် (Kruger National Park) သဘာဝဘေးမဲ့တောအတွင်း၌ ကမ္ဘာလှည့်ခရီးသွားနှစ်ဦး သေဆုံးလျက်တွေ့ရှိရပြီးနောက် ထိုနေရာ၌ လုံခြုံရေးကို တင်းကျပ်ထားကြောင်း အာဏာပိုင်များက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
တောင်အာဖရိကနိုင်ငံသား သားကောင်နှစ်ဦးဖြစ်သည့် အသက် ၇၁ အရွယ် အမျိုးသားတစ်ဦးနှင့် အသက်အရွယ် ထုတ် ဖော်ပြောကြားခြင်းမရှိသည့် အမျိုးသမီးတစ်ဦးတို့ သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ညနေပိုင်းက ၎င်းတို့တည်းခိုရာ လော့ခ်ျ (Lodge)သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် ရှာဖွေရေးလုပ်ငန်းများ စတင်ခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးတွင် အခြားကမ္ဘာလှည့်ခရီးသွားများက ၎င်းတို့အား သောကြာနေ့မွန်းလွဲပိုင်းတွင် မြစ်တစ်စင်းအတွင်း၌ ရှာဖွေတွေ့ရှိခဲ့ကြသည်။ အဆိုပါအမျိုးသားတွင် ဓားဒဏ်ရာများရှိနေပြီး အမျိုးသမီး၏ ရုပ်အလောင်းတွင်မူ ညိုမည်းဒဏ်ရာများ တွေ့ရကြောင်းနှင့် ၎င်းတို့စီးနင်းလာသည့် မော် တော်ယာဉ်မှာလည်း ပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
တောင်အာဖရိက အမျိုးသားဥယျာဉ်များ စီမံခန့်ခွဲရေးအဖွဲ့ (SANParks)က ယင်းဖြစ်ရပ်အပေါ် တုံ့ပြန်သည့်အနေဖြင့် “စိုးရိမ်ရတဲ့ သတ်မှတ်နယ်မြေတွေမှာ နောက်ထပ် စောင့်ကြည့်စစ်ဆေးရေးနဲ့ တောလိုက်အဖွဲ့ အရင်းအမြစ်တွေကို တိုးမြှင့်ချထားလျက်ရှိကြောင်း” ပြောကြားခဲ့သည်။
၎င်းအပြင် “စောင့်ကြည့်ထောက်လှမ်းမှုနဲ့ ကြိုတင်သတိပေးနိုင်စွမ်း အားကောင်းစေဖို့အတွက် နည်းပညာစနစ်တွေကို မြှင့်တင်နေကြောင်း” လည်း ဖြည့်စွက်ပြောကြားခဲ့သည်။
ယခုဖြစ်ရပ်သည် ဥယျာဉ်၏ နှစ်ပေါင်း ၁၀၀ သမိုင်းတစ် လျှောက်တွင် လာရောက်လည်ပတ်သူများ ပထမဆုံးအကြိမ် အသတ်ခံရခြင်းဖြစ်ကြောင်းလည်း ဆိုသည်။
နိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင် တည်ရှိသည့် ခရူဂါဥယျာဉ်သည် စတုရန်းကီလိုမီတာ ၂၀,၀၀၀ (စတုရန်းမိုင် ၇,၇၀၀) ကျယ်ဝန်းပြီး တောင်အာဖရိကနိုင်ငံ၏ အကြီးဆုံးအမျိုး သားဥယျာဉ် ဖြစ်သည်။ ယင်းသည် ဇင်ဘာဘွေနှင့် မိုဇမ်ဘစ်နိုင်ငံတို့နှင့်လည်း နယ်စပ်ချင်း ၃၇၀ ကီလိုမီတာကျော် ထိစပ်နေသည်။
Telegram»…
https://t.me/positiveanglenews
#PAN