လှိင်းဘွဲမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပ၊ ကျောင်းသုံးပစ္စည်းများ အခမဲ့ထောက်ပံ့

(ပညာရေး) မေ ၂၅

ကရင်ပြည်နယ် ဘားအံခရိုင် လှိင်းဘွဲမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကို မေ ၂၅ ရက် နံနက် ၁၀ နာရီအချိန်တွင် အခြေခံပညာအထက်တန်းကျောင်း ပန်းဝတ်မှုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်းသား” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဦးစောခင်းစလေက ကျောင်းအပ်နှံရေးနေ့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်သည့် ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို ကျောင်းသား၊ ကျောင်းသူများထံ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လှိင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးလုပ်ငန်းများကို မေ ၂၅ ရက်မှ မေ ၃၁ ရက်အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။