
(နိုင်ငံတကာ)မေ ၂၄
ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရှိနေသော်လည်း အစ္စရေးစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ရာ၊ ဂါဇာမြောက်ပိုင်းရှိ ရဲကင်းစခန်းတစ်ခု ဒုံးကျည်ထိမှန်မှုကြောင့် အနည်းဆုံး ရဲအရာရှိ ငါးဦးနှင့် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ကြောင်း ဂါဇာရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။
ဂါဇာမြောက်ပိုင်း အတ်တွမ် (at-Twam)ဒေသရှိ ရဲကင်းစခန်းတစ်ခုကို အစ္စရေးက ဒုံးကျည်နှစ်စင်းဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရဲအရာရှိ ငါးဦးမှာ နေရာတွင်တင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။ အာလ်ရှီဖာ (al-Shifa) ဆေးရုံ၏ အဆိုအရ အနီးနားရှိ လမ်းမပေါ်မှ အရပ်သားတစ်ဦးလည်း ထပ်မံသေဆုံးခဲ့ပြီး အခြားလူ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ရဲကင်းစခန်းတိုက်ခိုက်ခံရမှုသည် အင်အား ၁၀,၀၀၀ ရှိသော ဂါဇာရဲတပ်ဖွဲ့နှင့် ပတ် သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဂါဇာဆိုင်ရာစီမံကိန်း ရှေ့ဆက်ရေး ဆွေးနွေးမှုများအကြား အကျပ် အတည်းဖြစ်စေသည့်အချက် ဖြစ်လာနေချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့သော်လည်း အစ္စရေးစစ်တပ်သည် ဂါဇာတစ် လွှားရှိ ရဲတပ်ဖွဲ့နှင့် ဒေသခံလုံခြုံရေးဝန်ထမ်းများကို ရည်ရွယ် ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်သည့် လုပ်ရိုးလုပ်စဉ်ပုံစံအတိုင်း နေ့စဉ်နီးပါး ဆက်လက်တိုက်ခိုက်နေခြင်း ဖြစ်သည်။ ယခုအခါ အစ္စရေး၏ စစ်ပွဲကြောင့် ပါလက်စတိုင်းပြည်သူ ၇၂,၇၇၅ ဦး သေဆုံးခဲ့ပြီးဖြစ်ကာ၊ အပစ်ရပ်ပြီးနောက်ပိုင်း သေဆုံးသူ ၈၈၃ ဦး ရှိလာပြီဖြစ်သည်။
ယခုကဲ့သို့ ဂါဇာရဲတပ်ဖွဲ့အပေါ် တိုက်ခိုက်မှုများသည် ဒေသတွင်း ဖရိုဖရဲဖြစ်မှုနှင့် အာဏာဟာကွက်ကို ပိုမိုဆိုးရွားစေပြီး၊ အကူအညီအလိုအပ်ဆုံးနေရာများသို့ သွားရောက်မည့် လူသားချင်းစာနာမှုဆိုင်ရာ ကူညီရေးယာဉ်တန်းများ လုယက်ဖျက်ဆီးခံရနိုင်ခြေကို ပိုမိုမြင့်တက်စေသည်။
တစ်ချိန်တည်းမှာပင် ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ (UNRWA)က ဂါဇာတွင် အခြေခံဆေးဝါးများ ပြတ်လပ်နေခြင်းကြောင့် ကလေးငယ်အများအပြားမှာ ကြွက်၊ သန်း၊ လှေးနှင့် မွှားများကြောင့်ဖြစ်ပွားသည့် အရေပြားကူးစက်ရောဂါများကို ကုသမှုမရရှိဘဲ ပြင်း ထန်စွာ ခံစားနေရကြောင်း သတိပေးထားသည်။
Telegram»…
https://t.me/positiveanglenews
#PAN