(မှုခင်း) မေ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ငွေကျပ်သိန်း ၆,၇၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။
မေလ ၂၁ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်က ထန်းတပင်မြို့နယ်၊ ကျောင်းစုရပ်ကွက်အနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ စိုးနိုင် မောင်းနှင်ပြီး သန်းထွေး လိုက်ပါလာသည့် HONDA FIT အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃,၀၀၀)၊ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၁၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃,၇၅၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ စိုးနိုင်(၃၃)နှစ် နှင့် သန်းထွေး(၅၂)နှစ်တို့အား တက်သစ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#PAN