လက်ရှိအခြေအနေအတိုင်း ဆက်သွားပါက ဂါဇာဒေသသည် ပြန်လည်ထူထောင်ခွင့်မရဘဲ အမြဲတမ်းအုပ်စုကွဲသွားနိုင်ကြောင်း ငြိမ်းချမ်းရေးဘုတ်အဖွဲ့သံတမန် သတိပေး

(နိုင်ငံတကာ)မေ ၂၂

    ​​​​အမေရိကန်ပြည်ထောင်စုက ဦးဆောင်ဖွဲ့စည်းထားသည့် ဂါဇာဒေသဆိုင်ရာ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace)၏ အဆင့်မြင့်ကိုယ်စားလှယ် နစ်ကိုလိုင်း မလာဒီနော့ဗ် (Nickolay Mladenov) က ပျက်စီးယိုယွင်းနေသည့် ဂါဇာကမ်းမြောင် ဒေသ၏ လက်ရှိအခြေအနေမှာ ပိုမိုဆိုးရွားလာနေပြီး ယခုအတိုင်း ဆက်သွားပါက “အမြဲတမ်း” အုပ်စုကွဲပြားပျက်စီးသွားမည့် အန္တရာယ်ရှိနေကြောင်း ကုလသမဂ္ဂတွင် သတိပေးပြောကြားလိုက်သည်။

     ကြာသပတေးနေ့က ပြုလုပ်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ(UNSC) အစည်းအဝေး၌ ဘူဂေးရီးယား သံတမန်ဟောင်း မလာဒီနော့ဗ်က အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေးကို အကောင် အထည်ဖော်ရန်အတွက် နှစ်ဖက်စလုံးက လိုက်နာရမည့် လမ်းပြမြေပုံတစ်ခုကို တင်ပြခဲ့သည်။ ၎င်းက ဟားမတ်စ်အဖွဲ့ လက်နက်စွန့်လွှတ်လာစေရန် လုံခြုံရေးကောင်စီ၏ နည်းလမ်းပေါင်းစုံကို အသုံးပြု၍ ဖိအားပေးရန် တိုက်တွန်းခဲ့သလို၊ အစ္စရေးအနေဖြင့်လည်း ၂၀၂၅ ခုနှစ် အောက်တို ဘာလက သဘောတူညီခဲ့သည့် အပစ်အခတ်ရပ်စဲရေး ကတိကဝတ်များကို လိုက်နာရမည်ဖြစ် ကြောင်း အလေးအနက် ပြောကြားခဲ့သည်။

     ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ဟားမတ်စ်တို့က အစ္စရေးတောင်ပိုင်းကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးက ဆင်နွှဲခဲ့သည့် စစ်ပွဲသည် ၂၀၂၅ ခုနှစ် အောက် တိုဘာလတွင်မှ အပစ်အခတ်ရပ်စဲရေး ရရှိခဲ့သည်။ အဆိုပါ စစ်ပွဲအတွင်း ပါလက်စတိုင်းပြည်သူ ၇၂,၇၇၅ ဦးထက်မက သေဆုံးခဲ့ရသည်။ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း အစ္စရေးစစ်တပ်က တင်းကျပ်သော လုံခြုံရေးစနစ်ဖြင့် ဂါဇာ၏ ၅၀ ရာခိုင်နှုန်းကျော်ကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပြီး ပြီးခဲ့သည့် ၇ လအတွင်းမှာပင် နောက် ထပ်လူပေါင်းရာချီ သေဆုံးခဲ့ရသည်။

     ထို့ပြင် ပြီးခဲ့သည့်လက အမေရိကန်-အစ္စရေး မဟာမိတ်အဖွဲ့နှင့် အီရန်တို့အကြား စစ်ပွဲအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီးနောက်ပိုင်း ဂါဇာဒေသအပေါ် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများနှင့် ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း (West Bank) အတွင်း စီးနင်းမှုများ ပိုမိုမြန်ဆန်လာကြောင်း ပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့များက ထောက်ပြထားသည်။ ကြာသပတေးနေ့ကလည်း ဂါဇာအလယ်ပိုင်း ဒီရ်အယ်လ်ဘာလာမြို့ အရှေ့ဘက်တွင် အစ္စရေး၏ ဒရုန်းဖြင့် တိုက် ခိုက်မှုကြောင့် အသက် ၂၆ နှစ်အရွယ် လူငယ်တစ်ဦး ထပ်မံသေဆုံးခဲ့သည်။

     မလာဒီနော့ဗ်က လက်ရှိအခြေအနေကို နှစ်ဖက်စလုံးက အရေးယူဆောင်ရွက်ခြင်းမရှိဘဲ လျစ်လျူရှုထားပါက ဖြစ်လာမည့် အန္တရာယ်နှင့် ပတ်သက်၍ “အန္တရာယ်ကတော့ ဆိုးရွားလာနေတဲ့ လက်ရှိအခြေအနေဟာ အမြဲတမ်းပုံစံမျိုး ဖြစ်သွားဖို့ပါပဲ။ ဂါဇာဟာ အုပ်စုကွဲသွားပြီး နယ်မြေရဲ့ ထက်ဝက်ကျော်အောက်သာရှိတဲ့ နေရာမှာ လူဦးရေ ၂ သန်းကျော်ကို ဟားမတ်စ်က စစ်ရေးနဲ့ အုပ်ချုပ်ရေးပိုင်းအရ ဆက်လက်ထိန်းချုပ်ထားတဲ့ ပုံစံမျိုး ဖြစ်သွားနိုင်ပါတယ်” ဟု ဆိုသည်။

     ၎င်းက ဆက်လက်၍ “အဲဒီဒေသက ပြည်သူတွေဟာ အပျက် အစီးပုံတွေကြားထဲမှာပဲ ဆက်လက်ပိတ်မိနေမှာဖြစ်ပြီး ပြန် လည်ထူထောင်ရေးအတွက် အဓိပ္ပာယ်ရှိတဲ့ လုပ်ငန်းတွေမရှိဘဲ ကူညီထောက်ပံ့မှုတွေအပေါ်မှာပဲ မှီခိုနေရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်တွေ မစွန့်လွှတ်သရွေ့ ပြန်လည်ထူထောင်ရေးအတွက် ငွေကြေးပံ့ပိုးမှုတွေ ရောက်လာမှာမဟုတ်လို့ပါပဲ။ ဒါရဲ့ရလဒ်က နောက်ထပ် မျိုးဆက်သစ်တစ်ခုဟာ တဲအိမ်တွေထဲမှာ၊ ကြောက်ရွံ့တုန်လှုပ်မှုတွေကြားမှာ ကြီးပြင်းလာရမှာဖြစ်ပြီး မျှော်လင့် ချက်ကင်းမဲ့မှုကလွဲလို့ ဘာမှမခံစားရတော့တဲ့ အခြေ အနေမျိုး ဖြစ်လာပါလိမ့်မယ်” ဟု သတိပေးခဲ့သည်။

​#GazaStrip #UNSC #BoardofPeace #NickolayMladenov #Hamas #Israel #PhaseTwoStalled #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN