
(နိုင်ငံတကာ)မေ ၂၀
အမေရိကန်-အစ္စရေး မဟာမိတ်အဖွဲ့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်မည့် သဘောတူညီချက်တစ်ရပ် ရရှိရန် အလွန်နီးစပ်နေပြီဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဒုတိယသမ္မတ ဂျေဒီဗန့်စ်တို့က အပြုသဘောဆောင် ပြောကြားလာချိန်တွင်၊ ပင်လယ်ကွေ့အတွင်း နှစ်လကျော်ကြာ ပိတ်မိစောင့်ဆိုင်းနေခဲ့ရသည့် တရုတ်စူပါရေနံ တင်သင်္ဘောကြီးနှစ်စီးသည် ဟော်မုဇ်ရေ လက်ကြား (Strait of Hormuz)မှတစ်ဆင့် စတင်မောင်းနှင်ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
LSEG နှင့် Kpler တို့မှ ရရှိသည့် သင်္ဘောလိုင်းအချက် အလက်များအရ တရုတ်အလံစိုက် ‘ယွမ်ကွေ့ယန်’ (Yuan Gui Yang) နှင့် ဟောင်ကောင်အလံစိုက် ‘အိုရှန်လီလီ’ (Ocean Lily) ဟု အမည်ရသည့် စူပါရေနံတင်သင်္ဘောကြီးနှစ်စီးသည် ရေနံစိမ်းစည်ပေါင်း ၄ သန်းခန့် တင်ဆောင်ကာ အဆိုပါ မဟာဗျူဟာမြောက် ရေလမ်းကြောင်းမှ ထွက်ခွာသွားခဲ့ခြင်း ဖြစ် သည်။
တစ်ချိန်တည်းမှာပင် တောင်ကိုရီးယား နိုင်ငံခြား ရေးဝန်ကြီး ချိုဟျွန် (Cho Hyun)ကလည်း ၎င်းတို့၏ ကိုရီးယားရေနံတင်သင်္ဘောတစ်စီးသည် ယနေ့ (ဗုဒ္ဓဟူးနေ့)တွင် ရေလက်ကြားကို ဘေးကင်းစွာ ဖြတ် သန်းမောင်းနှင်နေပြီဖြစ်ကြောင်း ဆိုးလ်မြို့ရှိ လွှတ် တော်ကြားနာပွဲတစ်ခုတွင် ထည့်သွင်းပြောကြားခဲ့သည်။
သတင်းအချက်အလက်များအရ ‘ယွမ်ကွေ့ယန်’ ရေယာဉ်သည် အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲမစတင်မီ တစ်ရက်အလိုဖြစ်သော ဖေဖော်ဝါရီ ၂၇ ရက်ကတည်းက အီရတ်နိုင်ငံထုတ် ဘက်စရာ(Basrah) ရေနံစိမ်းစည် ၂ သန်း တင်ဆောင်ခဲ့ခြင်းဖြစ်သည်။ ‘အိုရှန်လီလီ’ ရေယာဉ်မှာမူ ဖေဖော် ဝါရီလနှောင်းပိုင်းနှင့် မတ်လဆန်းအကြား ကာတာနိုင်ငံထုတ် အယ်လ်ရှာဟီးန် (al-Shaheen)ရေနံစိမ်းနှင့် အီရတ်ထုတ် ဘက်စရာ ရေနံစိမ်း စည် ၁ သန်းစီ (စုစုပေါင်း ၂ သန်း) တင်ဆောင်ခဲ့ပြီးနောက် လမ်း ကြောင်းပိတ်ဆို့မှုကြောင့် ရေပြင်၌ သောင်တင်နေခဲ့ရခြင်း ဖြစ်သည်။
၎င်းတို့ ရေလက်ကြားမှ ထွက်ခွာခွင့်ရရှိခြင်းသည် အီရန်နှင့်စစ်ပွဲမှာ “အလွန်လျင်မြန်စွာ” နှင့် “မျှော်လင့်ရသလောက်အလွန်ကောင်းမွန်တဲ့ ပုံစံမျိုးနဲ့” ပြီးဆုံးသွားလိမ့်မည်ဟု အမေရိကန်လွှတ်တော်အမတ်များကို သမ္မတ ထရန့်က ပြောကြားလိုက်ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ် (JD Vance) ကလည်း အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တီဟီရန်-ဝါရှင်တန် ညှိနှိုင်းဆွေးနွေးမှုများသည် “အလွန်ကောင်း မွန်တဲ့ အနေအထားတစ်ခုမှာ ရှိနေပါတယ်” ဟု ဆိုသည်။ စောစောပိုင်းကမူ ထရန့်သည် အီရန်အပေါ် စစ်ရေးအရ အရေးယူမည်ဟု ထပ်မံခြိမ်း ခြောက်ခဲ့ပြီး၊ သဘောတူညီချက်ရယူရန် အီရန်ကို “နှစ်ရက်မှ သုံးရက်” အချိန်ပေးခဲ့ကာ ၎င်းအနေဖြင့် တိုက် ခိုက်မှုပြုလုပ်ရန် အမိန့်မပေးမီ တစ်နာရီအလိုကျမှသာ အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ် ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
အိမ်ဖြူတော်၏ အကောင်းမြင်မှတ်ချက်များကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းများ ခေတ္တမျှ ပြန်လည်ကျဆင်းသွားခဲ့ပြီး နိုင်ငံတကာ စံနှုန်းသတ်မှတ်ချက်ဖြစ်သော ဘရန့်တ် (Brent) ရေနံစိမ်းစျေးနှုန်းသည် တစ်စည်လျှင် ၁၁၀.၁၆ ဒေါ်လာအထိ ကျဆင်းသွားခဲ့သော် လည်း၊ ဝါရှင်တန်နှင့် တီဟီရန်တို့ သဘောတူညီချက်ရရှိခဲ့လျှင်ပင် ရေနံစျေးနှုန်းများမှာ ဆက်လက်မြင့်တက်နေဦးမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။
“သဘောတူညီချက်တစ်ခု ရရှိသွားခဲ့ရင်တောင် စစ်မဖြစ်ခင်က အခြေအနေအတိုင်း ရေနံထောက်ပံ့မှုတွေ ချက်ချင်းပြန်မရနိုင်သေးတာကြောင့် စျေးနှုန်းတွေကတော့ ဆက်ပြီးတက်မယ့် အလားအလာရှိနေပါသေးတယ်” ဟု LSEG မှ ရေနံသုတေသန အဆင့်မြင့်အကဲဘဖြတ်အရာရှိ အမ်ရီ ဂျာမေးလ် (Emril Jamil) က သုံးသပ်ထားသည်။
ဟော်မုဇ်ရေလက်ကြားအပေါ် အမေရိကန်၏ ပိတ် ဆို့မှုကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ နောက်ဆက်တွဲသက်ရောက်မှုများသည် တစ်ကမ္ဘာလုံးသို့ ရိုက်ခတ်ခဲ့ပြီး၊ ပြီးခဲ့သည့်လက ဘရန့်တ် ရေနံစိမ်းစျေးနှုန်းသည် ၂၀၂၂ ခုနှစ် ဇွန်လနောက်ပိုင်း အမြင့်ဆုံးစျေးနှုန်းသို့ ရောက်ရှိခဲ့သည်။
ကုလသမဂ္ဂကလည်း စွမ်းအင်စရိတ် မြင့်မားလာမှုနှင့် ကုန်သွယ်ရေး အားနည်းချက်များကို ထောက်ပြကာ ယမန် နှစ်က ကမ္ဘာ့စီးပွားရေးတိုးတက်မှု ခန့်မှန်း ခြေ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၂.၅ ရာခိုင်နှုန်းအထိ လျှော့ချသတ်မှတ်ခဲ့သည်။ ကုလသမဂ္ဂ၏ နောက်ဆုံးထုတ် အစီရင်ခံစာတွင် “စားသောက်ကုန်နှင့် စွမ်းအင်စျေးနှုန်း မြင့်မားလာမှုကြောင့် ကုန်ကျစရိတ် မြင့်တက်လာမှုမှာ လုပ်ခလစာထက် ကျော်လွန်နေသဖြင့်” ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ဝင်ငွေနည်းပါး သော မိသားစုများသည် အဆိုးရွားဆုံး ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်နေရကြောင်း သတိပေးထားသည်။
#StraitOfHormuz #ChineseSupertankers #DonaldTrump #JDVance #IranUSWar #OilPrices #BrentCrude #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN