ဘီးလင်းတွင် တရာမဝင်ကုန်ပစ္စည်းများတင်ဆောင်နေသည့် မော်တော်ယာဉ်များနှင့် ကုန်စည်များဖမ်းဆီးရမိ

(မှုခင်း) မေ ၁၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်၊ ဘုရင့်နောင်ကွက်သစ်တွင် မော်တော်ယာဉ်ပေါ်သို့ တရားမဝင်ကုန်ပစ္စည်းများတင်ဆောင်နေသည့်သတင်းအရ တာဝန်ရှိသူများမှသွားရောက် စစ်ဆေးခဲ့ရာ မော်တော်ယာဉ် ၂ စီးနှင့် ကုန်ပစ္စည်းများအား သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ တရားမဝင်ကုန်ပစ္စည်းများအား ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်၊ ဘုရင့်နောင်ကွက်သစ်ရှိ ပုညသုခိတာရုံ ကျောင်းဝင်းအတွင်းရှိ မဟာသန္တိသုခငြိမ်းချမ်းရေးစေတီတော်၏လှိုင်ဂူအတွင်းမှ ခရီးသည်တင် မှန်လုံယာဉ်ပေါ်သို့ မေလ ၁၉ ရက်နေ့ နံနက် ၈ နာရီ ချိန်တွင်တင်‌ေဆောင်နေစဉ် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဘုရားလှိုင်ထဲမှာ ကြိုတင်စုဆောင်ထားပြီးမှ မော်တော်ယာဉ်ပေါ်ပြောင်းရွှေ့ပြီး လိုရာကိုသယ်မယ့်အချိန်မှာ သတင်းအရ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်သည့်အသိုင်းအဝိုင်းထံမှသိရသည်။

အဆိုပါ မဟာသန္တိသုခငြိမ်းချမ်းရေးစေတီတော်၏ လှိုင်ဂူအတွင်း၌ ထိုင်းနိုင်ငံထုတ် Castrol အင်ဂျင်ဝိုင်(၄ လီတာဆံ့)ပုံးများ၊ ထိုင်းနိုင်ငံထုတ် ကြာပန်းတံဆိပ်(၇၀၀ ဂရမ်ပါ)ဆပ်ပြာမှုန့်ထုပ်များနှင့် ကိုးရီးယားနိုင်ငံထုတ် KOREA QUEEN တံဆိပ်ပါ ရေသန့်စင်စက်များအားတွေ့ရှိရသည်ဟုလည်း သိရသည်။

ထို့အပြင် အဆိုပါတရားမဝင်ကုန်ပစ္စည်းများအား တင်ဆောင်ရန် စီစဉ်နေသည့် ခရီးသည်တင်မှန်လုံယာဉ်(၂)စီးတို့ တွေ့ရှိ၍ ကုန်ပစ္စည်းများကို အဆိုပါယာဉ်(၂)စီးပေါ်တွင် တင်ဆောင်၍ ထိန်းသိမ်းထားရှိပြီး အမှုဖွင့်လှစ်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။