အနီးစခန်းလေဆိပ်သစ် တစ်ရက်လျှင်ခရီးသွား ၁၀၀၀ ခန့် ဝင်ထွက်နိုင်အောင်ဆောင်ရွက်ထား

(ပြည်တွင်း) မေ ၁၈

အနီးစခန်းလေဆိပ်ကို အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ခြင်းသည် ပြည်တွင်းခရီးစဉ်များအတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ ပြင်ဦးလွင်ဒေသမှထွက်ရှိ သည့် သစ်သီးများနှင့် ပန်းမန်များအား အခြားဒေသများသို့ လွယ်ကူလျင်မြန်စွာဖြင့် သယ်ယူပို့ဆောင်နိုင်ရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု စေရန်ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောသည်။

လက်ရှိလေဆိပ်အသစ် တည်ဆောက် ထားမှုအခြေအနေအရတစ်ရက်လျှင်ခရီးသွား ၁၀၀၀ ခန့် ဝင်ထွက်နိုင်အောင်ဆောင်ရွက် ထားခြင်းဖြစ်သဖြင့် လေဆိပ်အတွင်း ခရီးသွားပြည်သူများ နားနေရန်အတွက် ထိုင်ခုံ နေရာချထားမှုများကို စနစ်တကျဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် မေလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး၊ စိမ်းလန်းစိုပြေရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးမှာကြားခဲ့ကြောင်း သိရသည်။

လေယာဉ်ပြေးလမ်း အားအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရာတွင်လည်း သတ်မှတ်ထားသည့် စံချိန်စံညွှန်း အတိုင်းဖြစ်စေရေး စနစ်တကျတွက်ချက် တည်ဆောက်အဆင့်မြှင့်တင် သွားရန်လိုပြီး လေဆိပ်တွင် လေယာဉ်ဆင်းသက်မှုနှင့်ထွက်ခွာမှုများ အန္တရာယ်ကင်းရှင်း စေရေးအတွက် စနစ်တကျဆောင်ရွက်သွားရန်နှင့် လေဆိပ်ပတ်ဝန်းကျင် စိမ်းလန်းသာယာမှုရှိစေရေးအတွက် သစ်ပင်များကို စိုက်ပျိုးသွားရန်လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။