
(မှုခင်း) မေ ၁၈
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်းကြိုးကျေးရွာ ဘီးလင်းမြစ် အရှေ့ဘက်ကမ်းမှ KNLA နှင့် PDF အဖွဲ့များက ဘီးလင်းမြို့မှ နတ်ကြီးကျေးရွာသို့ သွားရာ ကားလမ်းပေါ်ရှိ လုံခြုံရေးဂိတ်တစ်ခုအား မေလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့သည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ဒုံးကျည်သည် လုံခြုံရေးဂိတ်၏ မြောက်ဘက်ခြမ်း ကိုက် ၁၀၀ ခန့်အကွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လုံခြုံရေးဂိတ်အနီးရှိ ခြံဝင်းအတွင်း နေထိုင်သူ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာရရှိသူမှာ အသက် (၄၂) နှစ်အရွယ် ကဇိုင်းကျေးရွာအထက်တန်းကျောင်းက အထက်တန်းပြဆရာမ ဒေါ်ခိုင်ခိုင်အေး ဖြစ်ပြီး ညာလက်ဖျံတွင် ဖောက်ဝင်ဒဏ်ရာတစ်ချက် ရရှိခဲ့သော်လည်း ဒဏ်ရာမှာ မစိုးရိမ်ရကြောင်း သိရသည်။ဒဏ်ရာရရှိသူအား ဘီးလင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့များက လုံခြုံရေးတင်းကြပ်စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။