
(ပြည်တွင်း)မေ ၁၅
ရန်ကုန်မြို့တွင်း လမ်းဘေးကျူးကျော်ဈေးဆိုင်များအား ရက် ၁၀၀ စီမံချက်ဖြင့် ရှင်းလင်းဖယ်ရှားမှုများ အရှိန်မြှင့်ဆောင်ရွက်နေရာ မြောက်ဥက္ကလာပမြို့နယ်ရှိ နာမည်ကြီး “၂ ဈေး” လမ်းဘေးဈေးတန်းကို အပြီးတိုင် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းဘေးဈေးတန်းမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ စည်ကားခဲ့သည့် ဈေးတန်းတစ်ခုဖြစ်ပြီး ညနေပိုင်းအချိန်များတွင် အလုပ်ပြန်သူများ၊ ဒေသခံများနှင့် ဈေးသည်များဖြင့် လူစည်ကားလေ့ရှိကြောင်း သိရသည်။
သို့သော် ဈေးသည်များမှ လမ်းမပေါ်အထိ ကျူးကျော်ရောင်းချခြင်း၊ ဈေးဝယ်သူများမှ လမ်းပေါ်တွင် ရပ်တန့်ဝယ်ယူခြင်းများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားလာသဖြင့် ယခုကဲ့သို့ ရှင်းလင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ဖယ်ရှားရှင်းလင်းမှုအပေါ် ပြည်သူများအကြား အမြင်ကွဲပြားမှုများလည်း ရှိနေပြီး အချို့က စားဝတ်နေရေးအတွက် လမ်းဘေးတွင် ရောင်းချနေရသည့် ဈေးသည်များအတွက် အစားထိုးရောင်းချနိုင်မည့် နေရာများ စီစဉ်ပေးရန် ပြောဆိုနေကြကြောင်း သိရပြီး အခြားတစ်ဖက်တွင်လည်း လမ်းများပိတ်ဆို့မှု လျော့နည်းစေရန်နှင့် မြို့ပြစနစ်တကျ ဖြစ်စေရန်အတွက် ယခုကဲ့သို့ စည်းကမ်းတကျ ရှင်းလင်းဆောင်ရွက်ခြင်းကို ထောက်ခံသူများလည်း ရှိနေကြောင်း သိရသည်။
သက်ဆိုင်ရာတာဝန်ရှိသူများက ရက် ၁၀၀ စီမံချက်အရ အခြားမြို့နယ်များရှိ လမ်းဘေးကျူးကျော်ဈေးများကိုလည်း ဆက်လက်ရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။